Friday 9 May 2014

အမေ့ခြေရာခံယူနည်း


မိဘခြေရာကို ခံယူကိုးကွယ်လိုသည့် သားသမီးတို့သည် ရှေးဦးစွာ မိဘနှစ်ပါး ကို မြင့်မြတ်သော ကုလားထိုင်၊ ခုတင်ပေါ်တွင်ထိုင်စေ၍ ရိုသေစွာ လက်အုပ်ချီ ကန်တော့ပြီး ခြေရာကို တောင်းခံရပါသည်။( မိဘနှစ်ပါးလုံးမရှိလျှင် ရှိသည့် အမေ သို့မဟုတ် အဖေကို ယူနိုင်ပါသည်)။
“ကျွန်တော်၊ ကျွန်မတို့အား အမေ၊ အဖေတို့၏ မေတ္တာဓာတ် အငွေ့အသက် ပါသော ခြေရာအစုံကို အသက် ထက်ဆုံး ကိုးကွယ်ဆည်းကပ်ရန် ခြေရာများ ချပေးပါ” ဟု တောင်းရပါသည်။ မိဘများကလည်း လှိုက်လှိုက် လှဲလှဲ ကျေနပ် ၀မ်းမြောက်စွာဖြင့် “ အမေတို့အဖေတို့ ခြေရာကို အသက်ထက်ဆုံး ကိုးကွယ်ကြ” ဟု ကြည်ကြည်ဖြူဖြူ ခွင့်ပြုရပါသည်။ မိဘနှစ်ပါးက ခွင့်ပြုသည်နှင့် ဇလုံတစ်လုံးတွင် ရေထည့်၍ မိဘများ ၏ ခြေဖါးနှစ်ဖက်ကို မိမိလက်ဖြင့် ကိုင်တွယ်ဆေးကြော သန့်ရှင်းပေးရပါသည်။ နနွင်းတစ်ဇွန်းခန့်ကို လက်ဖက် ရည်ကြမ်း ပန်းကန်ဖြင့်ထည့်၍ ရေနှင့် မပျစ်မကျဲ အသင့်ဖျော်ထားရပါသည်။

မိဘများ၏ ခြေဖ၀ါးများကို အ၀တ်ဖြင့် ခြောက်သွေ့အောင် သုတ်ပြီးမှ အသင့်ဖျော် ထားသည့် နနွင်း ရည်ကို ခြေဖ၀ါးပြင်တွင် သုတ်လိမ်းပေးရပါသည်။

နနွင်းဖျော်ရည် မခြောက်သွေ့မီ အသင့်စီစဉ်ထားသောပိတ်ဖြူ (တက်ထရွန်အဖြူ)ကို ကြမ်းပြင်ပေါ်တွင် စက္ကူတစ်ခုခံ၍ခင်းပါ။ မိဘများကို ပိတ်ဖြူစပေါ်သို့ ခြေဖ၀ါးစုံကိုချ၍ မတ်တတ်ရပ်စေရပါသည်။

ဤကဲ့သို့ ရပ်နေစဉ် မိဘများ၏ ခြေဖ၀ါးပတ်လည်ကို ခဲနီပြာတံဖြင့် လိုက်၍ ရစ်မှတ်ပါ။ ခြေဖ၀ါးပတ်လည်ကို ခဲနီပြာတံဖြင့် လိုက်၍ ရစ်မှတ်ပါ။ ခြေဖ၀ါး တစ်ဖက်ချင်းကိုကြွ၍ မိဘများကို အထိုင်ခိုင်းပါ။ ပိတ်ဖြူစပေါ်တွင် နနွင်းဝါရောင်ခြေရာများနှင့်ခဲတံဖြင့် ရေးမှတ်ထားသော ခြေရာအစုံကို ထင်ရှားစွာ ရရှိပါလိမ့်မည်။ ခဲကြောင်း ရာ များကို မပျောက်မပျက် ရေလျှော်၍ မကျွတ်နိုင်ရန် ပန်းထိုးအပ်ချည်ဖြင့်ထိုးထားလျှင် ပို၍ကောင်းပါသည်။ အထက်ပါ နည်းအတိုင်း အမေ့ခြေရာကို စနစ်တကျတောင်းခံယူနိုင်ပါသည်။

မှတ်ချက်။ စာရေးဆရာ မင်းသူရိန်ရေးသားသော အမေ့ခြေရာပူဇော်နည်းနှင့် ကိုယ်တွေ့ဖြစ်ရပ်ဆန်းများ စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။

MOI Webportal Myanmar

No comments:

Post a Comment