Friday 9 May 2014

တောင်ကြီးအား/ကာသိပ္ပံ ပထမပညာသင်နှစ်တွင် အားကစားနည်း ၁၀ မျိုး သင်ကြားပေးမည်

ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ ကျောင်းသားများအတွက် ရည်ရွယ်၍ တည်ဆောက်ခဲ့သည့် တောင်ကြီး အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းကို ဇွန်လပထမပတ်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ရာ ပထမပညာ သင်နှစ်တွင် အားကစားနည်း ၁၀ မျိုးအတွက် ကျောင်းသားဦးရေ ၁၀၀ ကျော်ကို လက်ခံသင်ကြားပေး မည် ဖြစ်ကြောင်း ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ပြောရေးဆိုခွင့် ရှိသည့် ဦးစီး အရာရှိက ပြောကြားသည်။
ယင်းအားကစားနှင့် ကာယပညာသိပ္ပံတွင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ကရားတေးဒို၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ဘတ်စကက်ဘော၊ ပြေးခုန်ပစ်၊ မြန်မာ့သိုင်း၊ စားပွဲတင်တင်းနစ်စသည့် အားကစားနည်း ၁၀ မျိုးသင်ကြားပေးမည် ဖြစ်ကြောင်း ၈ တန်း၊ ၉ တန်း၊ ၁၀ တန်း ကျောင်းသားကျောင်းသူ ၃၀၀ ခန့်ကို သင်ကြားပေးရန် ရည်မှန်းခဲ့သော်လည်း အဆောက်အအုံ တည်ဆောက်မှုမှာ ၅၀ ရာခိုင်နှုန်းသာ ပြီးစီး ခဲ့သောကြောင့် ၈တန်းကျောင်းသား၊ ကျောင်းသူ ၁၀၀ ကျော်ကိုသာ ၂၀၁၄ -၂၀၁၅ ပညာသင်နှစ်တွင် သင်ကြားပေးမည်ဟု ၎င်းကပြောဆိုသည်။

တောင်ကြီးမြို့ အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းသည် ၂၄ ဧက ခန့်ကျယ်ဝန်းပြီး ကျောင်း သား၊ ကျောင်းသူ များ နေထိုင်မည့် သုံးထပ်အမျိုးသား အိပ်ဆောင်၊ သုံးထပ် အမျိုးသမီး အိပ်ဆောင်၊ အားကစားရုံ နှစ်ရုံ၊ ပြေးလမ်းပါသည့် ဘောလုံးကွင်း တစ်ကွင်းနှင့် လေ့ကျင့်ရေး ဘောလုံးကွင်တစ်ကွင်း အပါ အဝင် အဆောက်အအုံ ၂၂ လုံး ပါဝင်မည်ဖြစ်ရာ လာမည့် ပညာသင်နှစ်တွင် အပြီးသတ် ဆောက် လုပ် မည်ဟု ဦးစီးအရာရှိ ဦးဝင်းဌေးက ရှင်းပြသည်။

ယင်းအားကစားနှင့် ကာယသိပ္ပံကျောင်း တည်ဆောက်ရေးအတွက် အားကစား ဝန်ကြီးဌာနက ကျပ်သန်း ၁၅၀၀ ကို ပထမအကြိမ် ထောက်ပံ့ ပေးထားကြောင်း၊ ဆောက်လုပ်ရေး လုပ်ငန်းအတွက် ကုမ္ပဏီများကို ၂၀၁၃ စက်တင်ဘာလကပင် တင်ဒါခေါ်ယူ ဆောက်လုပ်စေခဲ့ခြင်း ဖြစ်ကြောင်း ရှမ်းပြည်နယ် အား ကစားနှင့် ကာယပညာ ဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

လက်ရှိအချိန်၌ ရန်ကုန်နှင့် မန္တလေးတို့တွင်သာ အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းများ ထား ရှိရာ တောင်ကြီး အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းသည် မြန်မာနိုင်ငံ၌ တတိယမြောက် အား ကစားနှင့် ကာယပညာ သိပ္ပံကျောင်း ဖြစ်လာခဲ့သည်။

The Voice Weekly

No comments:

Post a Comment