Monday 12 May 2014

သန်လျင်ရှိ မြေ ၂၇ ဧကကျော်တွင် လူနေအိမ်ရာများ တည်ဆောက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူ

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် အောင်ချမ်းသာရပ်ကွက်ရှိ မြေ ၂၇ ဒသမ ၉၈၄ ဧကတွင် အဆင့်မြင့် လူနေအိမ်ရာအဆောက်အအုံများ တည်ဆောက်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန မှ မေ လ ၈ ရက်တွင် အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့သည်။
အောင်ချမ်းသာအိမ်ရာစီမံကိန်းအပိုင်း (၁) နှစ်ထပ်လုံးချင်းတိုက် အိမ်ရာစီမံကိန်းနှင့် ဆက်စပ်လျက် ရှိသော မြေပေါ်တွင် စီမံကိန်းအပိုင်း(၂)အဖြစ် ပုဂ္ဂလိကကဏ္ဍနှင့် အကျိုးတူပူးပေါင်းဆောက်လုပ်သွား မည်ဖြစ်ပြီး ရန်ကုန်မြို့၏ မြို့ပြအိမ်ရာဖွံ့ဖြိုးရေးစီမံကိန်းတစ်ခုဖြစ်သည်။

အဆိုပါအိမ်ရာစီမံကိန်းကို နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များသာ ဆောင်ရွက်ခွင့်ရမည်ဖြစ်ပြီး လုပ်ငန်းနှင့် ပတ်သက်သည့် အဆိုပြုလွှာကို ဇွန်လ ၁၀ ရက် နောက်ဆုံးထားလျှောက်ထားနိုင်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနသည် အဆင့်မြင့်အိမ်ရာအဆောက်အအုံစီမံကိန်းများအပြင် တန်ဖိုးနည်း အိမ်ရာ များ ကိုလည်း ဆောက်လုပ်လျက်ရှိသည်။ ဆောက်လုပ် ဆဲနှင့် ဆောက်လုပ်ရန်ရှိ သည့် ရွှေလင် ပန်းတန်ဖိုးနည်းအိမ်ရာ စီမံကိန်း၊ ကျန်စစ်မင်းတန်ဖိုးနည်းအိမ်ရာ စီမံကိန်းနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက်နေသည့် ဧရာဝဏ်နှင့် ရတနာတန်ဖိုးနည်း အိမ်ရာစီမံကိန်းများမှ အိမ်ခန်းယူနစ်ပေါင်း ၂၅၀၀၀ ခန့်ရရှိမည်ဖြစ်ရာ တစ်ခန်းလျှင် ကျပ်သိန်း ၁၂၀ ခန့်နှင့် ဘဏ်ချေးငွေစနစ်ဖြင့် အရစ် ကျရောင်းချပေးမည်ဖြစ်ကြောင်း ပို့ဆောင်ဆက်သွယ်ရေး ဆောက်လုပ်ရေးဆပ်ကော်မတီက ဖေဖော်ဝါရီလ ၁၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထို့အတူ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ မြေဧက ၇၀ ခန့်တွင် တန်ဖိုးမျှတအိမ်ရာ စီမံကိန်း၊ မြို့ပြအိမ်ရာ  စီမံကိန်း၊ ယာဉ်ရပ်နား စခန်းနှင့် မြို့ပြအိမ်ရာ စီမံ ကိန်း၊ အဆင့်မြင့် ယာဉ်ရပ်နားရန် အဆောက် အအုံ စီမံကိန်းများကို ပြည်တွင်း၊ ပြည်ပကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဟု ယခုနှစ် နှစ်ဆန်းပိုင်းက ထုတ်ပြန်ခဲ့သည်။

မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနကလည်း ရန်ကုန်မြို့ပြချဲ့ထွင်မှု စီမံကိန်းတစ်ရပ်အဖြစ် ဝေဠုဝန်အိမ်ရာ၊ ရန်ကင်း အိမ်ရာ စသည့်အိမ်ရာစီမံကိန်း ၁၁ ခုနေရာ၌ မူလတိုက်ခန်းများထက် အခန်းများ တိုးချဲ့နိုင်ရေး အတွက်အထပ်မြင့် အဆောက်အအုံများအဖြစ် ပြောင်းလဲ တည်ဆောက်မည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment