Monday 12 May 2014

အခေါက်ရွှေ အရောင်းအဝယ်ပါး

ပြည်တွင်းရွှေဈေးမှာ မိုးဦးကျလာပြီ ဖြစ်သောကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ် ပါးနေကြော င်း ရွှေ ဘုံသာ အခေါက်ရွှေ လက်ကား ဈေးကွက်အတွင်းထံမှ သိရသည်။
“ရွှေဈေး အတက်အကျ မငြိမ်တာရယ်။ အခုက မိုးလည်း ကျလာတော့ ဈေးကွက်ထဲမှာ အရောင်းအဝယ်က ပါးလာတယ်” ဟု တိတ်စိန် ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ဆိုသည်။

ပြည်တွင်းရွှေဈေးမှာ လာမည့် တနင်္လာနေ့ အဖွင့်ဈေးတွင် ဆက်လက် ကျဆင်းနိုင်ခြေ ရှိပြီး ဈေးကွက် အတွင်း အရောင်းအဝယ်မှာလည်း ဆက်လက်အေးနိုင်ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်က သုံးသပ်သည်။

“မိုးကျလာရင် တောင်သူတွေက ရွှေမဝယ်ကြတော့ဘူး။ စပါးပေါ်ချိန်လောက်မှ ရွှေဝယ်တာ ဆိုတော့ အထည်ဈေးလည်းအေး၊ အပိုင်းဈေးကွက်လည်း အေးနေတယ်” ဟု ရွှေအပိုင်း လက်ကား အရောင်းအဝယ် လုပ်နေသည့် ရွှေကုန်သည်တစ်ဦးက ဆိုသည်။

ဧပြီလ ၁၀ ရက်နေ့ ကမ္ဘာ့ရွှေ အပိတ်ဈေးမှာ တစ်အောင်စလျှင် ၁၂၈၇ ဒေါ်လာ၊ ပြည်တွင်းအခေါက်ရွှေ တစ် ကျပ် သားလျှင် ၆၆၂,၅၀၀ ကျပ်ဖြင့် ဈေးပိတ်ထားပြီး လာမည့် တနင်္လာ အဖွင့်ဈေးတွင် ကမ္ဘာ့ဈေးနှင့် အတူ ပြည်တွင်းရွှေဈေးပါ ဆက်လက် ကျဆင်းနိုင်ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် တစ်ပတ်အတွင်း ၁၂၈၀ ဒေါ်လာနှင့် ၁၃၀၀ ကြား၊ ပြည်တွင်းရွှေဈေးမှာ မီးလင်းအခေါက်ရွှေ ၆၆၀,၀၀၀ ကျပ်မှ ၆၆၅,၀၀၀ ဝန်း ကျင် အတွင်း အရောင်းအဝယ် ဖြစ်နိုင်ကြောင်း ရွှေဈေးကွက် အတွင်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment