Monday 12 May 2014

ကေဘယ်ကြိုး ဖြတ်သန်းရာတစ်လျှောက် နစ်နာကြေးမပေး

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆက်သွယ်ရေးလိုင်းများ ကောင်းမွန်စေရန် မြေအောက်ကေဘယ်ကြိုးများ ဆွဲရာတွင် ငွေဆောင်နှင့်မူဆယ်မြို့အတွက် MFCOM ကုမ္ပဏီက ကန်ထရိုက်ယူကာ တရုတ်ပညာရှင် များနှင့်ဆောင် ရွက်လျက်ရှိရာ မြေအောက် ကေဘယ်ကြိုး ဖြတ်သန်းရာ နေရာရှိဒေသခံများ ပိုင်ဆိုင်သော လယ်ယာမြေများအတွက် နစ်နာကြေးမပေးသည့်အပြင် ညှိနှိုင်းမှုများမလုပ်ဘဲ ဆက်လက်လုပ် ကိုင်နေကြောင်း ဒေသ ခံ များက ဆိုသည်။
“ကျွန်တော်တို့ခြံကို အလယ်ကနေ ဖြတ်တယ်။ ခပ်တည်တည်ဝင်လုပ်တယ်။ တားလည်း ဆက်တူးတာပဲ။ ဒီဘက်မှာက သရက်ခြံ၊ ဆီးခြံတွေပဲရှိတယ်။ နှစ်ရှည်ပင်တွေချည်းပဲ။ တကယ်ဆိုပြေလည်အောင် လုပ်သင့်ပါတယ်။ အခုဟာ အုပ်ချုပ်ရေးမှူးကလည်း ဘာမှမပြော၊ သက်ဆိုင်ရာကလည်း ဘာမှလာ မပြောကြ ဘူး။ သက်သက်မဲ့ ခံနေရတယ်”ဟု သရက်ခြံအတွင်းမှ ကေဘယ်ကြိုးဖြတ်သန်းခံရသူ ဦးတင်ရွှေက မဇ္ဈိမကို ပြောသည်။

ကေဘယ်ဆွဲနေခြင်းကြောင့် သီးနှံများ ပျက်စီးမှုရှိပြီး သီးပင်စားပင်အချို့လည်း ပျက်စီးကြောင်း၊ ပျက်စီးမှုများ ရှိသော်လည်း နစ်နာကြေးမပေးသည့်အပြင် ညှိနှိုင်းမှုများလည်းလုပ်ဆောင်ခြင်းမရှိဟု ဆိုသည်။

“ကုမ္ပဏီတွေအနေနဲ့ အဲဒီလို ဒေသခံတွေနဲ့ ညှိနှိုင်းမှုမရှိဘဲ၊ သဘောတူညီမှုမရှိဘဲ လုပ်ကိုင်နေတယ်ဆိုရင် အဲဒီကုမ္ပဏီတွေကို သက်ဆိုင်ရာတင်ပြပြီး အရေးယူသွားမယ်။ ဒေသခံတောင်သူတွေအနေနဲ့ မကျေနပ်ရင် တားလို့ရပါတယ်”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ ဦးဌေးလှက မဇ္ဈိမကို ပြောသည်။

အဆိုပါလုပ်ငန်းကို ဇန်န၀ါ ၂၅ရက်မှ စတင်ဆောင်ရွက်နေကြောင်း၊ ပြည်သူများ ဖုန်းလိုင်း များ ကောင်း မွန်စေ ရန် ဆောင် ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ ကျေးရွာ အုပ်ချုပ်ရေးမှူးဦးကံထွန်းက “MFCOM ကုမ္ပဏီက လာတော့တွေ့တယ်။ အားလုံးနဲ့ ညှိနှိုင်းပြီးပြီလို့ပဲ ပြောသွားတယ်။ ညှိနှိုင်းခိုင်းတာ လျော်ကြေးပေးတာတော့မရှိဘူး။ အခုဒီနေရာမှာတော့ ခြံပိုင်တောင်သူ ၂၀ ကျော်ရဲ့ ခြံထဲက ဖြတ်သွားနေတယ်။ အရင်ကုမ္ပဏီ DIGICOM တုန်းကတော့ ပျက်စီးသွားတဲ့ သီးနှံလျော်ကြေးတွေ ပေးတယ်။ 

ညှိနှိုင်းမှုတွေ လုပ်တယ်။ အခုဟာကတော့ ဘာမှမရှိပါဘူး”ဟု ပြောသည်။ MFCOM ကုမ္ပဏီသို့ မေးမြန်း ရာတွင် မြန်မာ့ဆက်သွယ်ရေးနှင့် ညှိနှိုင်းလုပ်ကိုင်နေကြောင်း၊ ၎င်းတို့ခိုင်းသည့်အတိုင်းသာ လုပ်နေခြင်းဖြ စ်သောကြောင့် ကျန်သည့် ကိစ္စများကို မသိကြောင်း၊ မိမိတို့ကမူဆက်လက်၍ လုပ်ကိုင်သွားမည်ဟု မေလ ၁၀ ရက်က အဆိုပါလုပ်ငန်းခွင်နေရာသို့ ရောက်ရှိနေသည့် တာဝန်ရှိသူက ဖြေကြားသည်။

ကေဘယ်ကြိုး ဖြတ်သန်းသည့်နေရာမှာ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အုန်းချော ၊ ငွေတောင်၊ ကျောက်မီး၊ လက်ကောင်းနှင့် သမ္မတောကျေးရွာတို့ဖြစ်သည်။ အဆိုပါကျေးရွာများရှိ လယ်မြေ ယာမြေနှင့် အိမ်ခြံဝင်းများမှ ဖြတ်သန်းပြီး ကေ ဘယ်ကြိုးဆွဲခြင်းဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment