Monday 12 May 2014

မြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ရန် ဝင်ငွေခွန် ၅ ရာခိုင်နှုန်းကို စည်ပင်သို့ပေးအပ်

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ပြည်တွင်းအခွန်များ ဦးစီးဌာနက ကောက်ခံရရှိသော အခွန်ငွေများ ထဲမှ ငါးရာခိုင်နှုန်းကို မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် မြို့နယ် စည်ပင် သာယာရေး ဦးစီးဌာနသို့ ပေးအပ်ခဲ့ကြောင်း ရှမ်းပြည်နယ် အခွန်ဦးစီးဌာနမှူး သူရဦးထင်ကျော်မိုးက ပြော ကြားသည်။
မေလ ၁၁ ရက်၊ နံနက် ၉ နာရီအချိန်က ကျိုင်းတုံ မြို့စည်ပင်သာယာ ခန်းမ၌ ပြုလုပ်သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အခွန်အကောက်ဆိုင်ရာ ဥပဒေများ ပြုပြင်ပြောင်းလဲမှုနှင့် အခွန်ဆိုင်ရာ လုပ်ငန်းရပ် များ ဆွေးနွေးပွဲ တွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

“မြို့နယ် ပြည်တွင်းအခွန်များ ဦးစီးဌာနကနေ ကောက်ခံရရှိထားတဲ့ ဝင်ငွေခွန်ထဲကမှ ၅ ရာခိုင်နှုန်းကို အဲဒီ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ အသုံးပြုနိုင်အောင်လို့ နှစ်စဉ် စည်ပင်သာယာဌာနကို လွှဲပြောင်း ပေးအပ်ထားပါတယ်။ ဒါ့ကြောင့် အခွန်ထမ်းပြည်သူတွေအနေနဲ့ ကိုယ်ဒေသ အကျိုးအတွက် တစ်တပ်တစ်အား ပါဝင်ကူညီပေးရာ ရောက်ပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းအပြင် နိုင်ငံတော်မှ အခွန်ထမ်းပြည်သူများ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်နှင့် အခွန်ထမ်းပြည်သူများ လာစေရန် ဝင်ငွေဥပဒေဆိုင်ရာ ပြောင်းလဲမှုများ၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေဆိုင် ရာ ပြင်ဆင်ပြောင်းလဲ မှုများနှင့် တံဆိပ်ခေါင်း အက်ဥပဒေများကို ပြင်ဆင် ပြောင်းလဲမှုများ ပြုလုပ်ထားပြီး အခွန်ထမ်းပြည်သူများမှာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ၍ အခွန်ကင်းလွတ်ခွင့်များနှင့် လျှော့ပေါ့ ကောက်ခံသည့် အခွန်နှုန်းထားများကို ခံစားရမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။ 

အခွန်ကောက်ခံတယ် ဆိုရာမှာလည်း အခြေခံသက်သာခွင့်နဲ့ ဇနီးသားသမီး စရိတ်တွေကို ခုနှိမ်ပြီးတော့မှ အသားတင်အမြတ်အပေါ် သတ်မှတ်ထားတဲ့ သင့်တင့်မျှတတဲ့ ဝင်ငွေကို ကောက်ခံတာပါ။ 

အဲဒီလို ပြည်သူတွေထံကနေ ကောက်ခံရရှိတဲ့ အခွန်ငွေရရှိမှသာ နိုင်ငံတော်အနေနဲ့ ပြည်သူတွေရဲ့ လူမှုရေး၊ ပညာရေးနဲ့ ကျန်းမာရေးစတဲ့ လုပ်ငန်းတွေမှာ အကျိုးရှိစွာနဲ့ အသုံးချနိုင်မှာပါ” ဟု ပြည်နယ် အုပ်ချုပ်ရေး မှူးရုံးမှ ဒုတိယအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment