Monday 12 May 2014

တနင်္သာရီတိုင်းတွင် အင်အန်လ်ဒီပါတီဝင်ရှစ်ဦး နုတ်ထွက်စာတင်

တနင်္သာရီတိုင်းအတွင်းရှိ့  မြိတ်ခရိုင်နှင့် ပုလောခရိုင်တို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD)ပါတီဝင် ရှစ်ဦး တိုင်းဥက္ကဋ္ဌ၏ စီမံမှုကို မကျေနပ်သဖြင့် နုတ်ထွက်စာ တင်ခြင်းကို မေလ ၁၇ရက်နောက်ပိုင်းတွင် အစည်းအဝေးထိုင်ကာ ဖြေရှင်းသွားမည်ဟု အင်အန်လ်ဒီ၏ တနင်္သာရီတိုင်း စည်းကမ်း ထိန်း သိမ်းရေး ကော် မတီ အဖွဲ့ဝင် ဦးသိန်းစိုးက မဇ္ဈိမကို ပြောသည်။
"မနေ့က တင်လာတာတော့ ၈ယောက်ပေါ့၊ ဒီကိစ္စအတွက် လာမယ့်အပတ်မှာ တနင်္သာရီတိုင်းကို ကျန်းမာရေး ကွန်ယက်က ဒေါက်တာ တင်မျိုးဝင်းတို့ ၁၇ရက်နေ့ လာမယ်၊ အဲဒီ့မှပဲ အစည်းအဝေးလုပ်မယ်။ ရက်ကတော့ မရွေးရသေးဘူး။ နုတ်ထွက်တဲ့သူတွေက ကျွန်တော်တို့ရဲ့ အဆုံးအဖြတ်ကို စောင့်နေတယ် လို့ပဲ မျှော်လင့်ထားတယ် ခင်ဗျ၊ ဒီကိစ္စတွေက တိုင်းဥက္ကဋ္ဌအပေါ် မကျေနပ်ချက်တွေကများတယ်။ အဲဒီ့ အပေါ်မှာ ဖြစ်တာပါ"ဟု ဦးသိန်းစိုးက ပြောသည်။

ဧပြီလ ၂၃ရက်က တနင်္သာရီတိုင်း မြိတ်မြို့သို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟံသာမြင့်နှင့်အဖွဲ့ လာရောက်ခဲ့စဉ် ပါတီဝင်များနှင့် အစည်းအဝေး လုပ်ခဲ့ရာ အစည်းအဝေး အစီအစဉ်ကို မကျေနပ်ရာမှ အစပြုခဲ့သည်။ သည့်အပြင် အစည်းအဝေးတွင်လည်း မြိတ်မြို့နယ် NLDမှ ပါတီဝင်တစ်ဦးက မေးမြန်းမှုကို ဦးဟံသာမြင့်က ပြန်လည်ဖြေကြားခြင်း မပြုခဲ့သည့်အတွက် ဒီမိုကရေစီ နည်းမကျဟုဆိုကာ ယင်းနေ့ တွင်ပင် နုတ်ထွက်ရန် ပါတီဝင် ကတ်ပြားများကို ပြန်လည်အပ်နှံခဲ့သည်ဟု ဦးသိန်းစိုးက ရှင်းပြသည်။

ပါတီ၏ လုပ်ငန်းတာဝန်များကို လုပ်ဆောင်ခြင်းမှ ရပ်နားရန် ဧပြီလ ၂၃ရက်က မြိတ်ခရိုင်မှ ဥက္ကဋ္ဌ၊ အလုပ် အမှုဆောင်များအပါအဝင် ပါတီဝင် ၁၀ဦးက လက်မှတ်ရေးထိုး၍ ဦးဟံသာမြင့်ထံ ပေးခဲ့ပြီး ထိုနေ့မှစကာ မြိတ် ခရိုင်နှင့် ပုလောခရိုင်မှ ပါတီဝင်များက ပါတီလုပ်ငန်းများကို လုပ်ဆောင်ခြင်း မရှိတော့ဟု တာဝန် ရပ်နား စာပေးသည့် အထဲတွင်ပါသည့် မြိတ်ခရိုင် NLDမှ ပါတီဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

"နုတ်ထွက်တာ မဟုတ်ပါဘူး။ တာဝန်ကနေ ရပ်နားတာပါ။ မှန်မှန်ကန်ကန် အရေးယူပေးရင် ကျွန်တော် တို့ ပြန်လုပ်မှာပါ။ တိုင်းအလုပ်မှုဆောင်တစ်ချို့နဲ့ တိုင်းဥက္ကဋ္ဌကိုပါ။ အန်ကယ်ဦးဟံသာမြင့် လာတဲ့အချိန် သူကစကားမှားပြောလိုက်တော့ ပြဿနာဖြစ်သွားတာပေါ့။

ပြဿနာကို ဖန်တီးတာက တိုင်းအလုပ်အမှုဆောင်၊ ဥက္ကဋ္ဌအပါအဝင် လူတစ်ချို့ကြောင့်ပေါ့၊ "ဟု မြိတ်မြို့နယ်မှ NLD ပါတီဝင်တစ်ဦးက ပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင် ဦဟံသာမြင့် ကမူ "ဒါနဲ့ ပတ်သက်ပြီး ကျွန်တော်လည်း သေချာမသိသေးဘူး။ ဒီကိစ္စကို NLDရဲ့ ဗဟိုစည်းကမ်း ထိန်း သိမ်းရေးကို လွဲပြောင်းထားပါတယ်။

ဒါကတော့ ပါတီတွင်း ကိစ္စလည်းဖြစ်တယ်"ဟု မဇ္ဈိမကို ပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို စည်းကမ်း ထိန်းသိမ်းရေး ကော်မတီမှ ဦးဥာဏ်ဝင်းကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ယင်းကိစ္စနှင့် ပတ် သက်၍ ဗဟိုကို မရောက်ရှိသေးဟု ပြန်လည်ဖြေကြားသည်။

၂၀၁၂ခုနှစ် အောက်တိုဘာလကလည်း ဧရာဝတီတိုင်းအတွင်း ပုသိမ်အပါအဝင် မြို့နယ်များမှ NLD ပါတီဝင် ၁၀၀ခန့်က ဗဟိုထိန်းချုပ်မှု စနစ်ကို မနှစ်ဟုဆိုကာ နုတ်ထွက်ခဲ့သေးသည်။

Mizzima - News in Burmese

No comments:

Post a Comment