Tuesday 27 August 2013

သံသယဖြင့် မှားယွင်းဖမ်းဆီး ခံရသူများက ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ စာချွန်တော် တင်သွင်းခွင့် ရှိလာမည့် စာချွန်တော်အမိန့် လျှောက်ထားမှုဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်သို့တင်သွင်း

တရားရုံး အဆင့်ဆင့်မှ မှားယွင်းစွာ စီရင်ချက် ချမှတ်မှုကြောင့် နစ်နာ သည့် နိုင်ငံသားများ၊ အာဏာပိုင် အဖွဲ့အစည်းများက သံသယဖြင့်မှားယွင်း ဖမ်းဆီးချုပ်နှောင်ခံရသည့် နိုင်ငံသားများ အနေဖြင့် ပြည်ထောင် စု တရားလွှတ်တော်ချုပ်ထံ စာချွန်တော်တင်သွင်းခွင့်ရှိလာမည့် ၂၀၀၃ ခုနှစ် စာချွန်တော်အမိန့် လျှောက် ထားမှု ဆိုင်ရာ ဥပဒေကြမ်းကို သြဂုတ် ၂၆ ရက်တွင် ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့ သည်။
၂၀၀၃ ခုနှစ် စာချွန်တော်အမိန့် လျှောက်ထားမှုဆိုင်ရာ ဥပဒေကြမ်း ကို ပြည်သူ့ လွှတ်တော်၊ တရား စီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီ က ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ထိုသို့တင်သွင်းရာတွင် ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံ စာများ စိစစ်ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ''စာချွန်တော် ဥပဒေသည် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကနေ ဆင်းသက်လာတဲ့ နောက်ဆက်တွဲ ဥပဒေ မဟုတ်ပါ။ ၂၀၀၈ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကနေ သီးခြားပေးထားတဲ့ ဥပဒေ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် နိုင်ငံသားများ အတွက် ပေးထားတဲ့ မဟာအခွင့်အရေးလို့လည်း ပြောလို့ရပါတယ်။ စာချွန်တော် ဥပဒေသည် ပြည်ထောင် စု တရားလွှတ်တော်ချုပ်ရဲ့ ဂုဏ်သိက္ခာ မြင့် မားနေအောင် ပေးထားတဲ့ အခွင့်အာဏာ တစ်ရပ်ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သီးခြားဂုဏ်ထူး ၀ိသေသတွေနဲ့ ပြည့်စုံတဲ့ ဥပဒေ ဖြစ်ပါတယ်'' ဟု ပြောကြားသည်။

ဆက်လက်၍ သူရဦးအောင်ကိုက ''နိုင်ငံသားတစ်ယောက် (သို့မဟုတ်) တစ်စုတစ်ဖွဲ့ အနေနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ အာဏာပိုင် အဖွဲ့အစည်းများက သံသယဖြင့် မှားယွင်းစွာ ဖမ်းဆီး ချုပ်နှောင်ခြင်း ခံရပါက (သို့မဟုတ်) မတရား ဖမ်းဆီးချုပ်နှောင်ခြင်း ခံရပါက ချုပ်နှောင်ခံရတဲ့ နိုင်ငံသား များ အနေနဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို ရှေ့တော်သွင်း စာချွန်တော် တင်ခွင့်ရှိပါတယ်။ အဲလို တင်သွင်းတဲ့အခါ ပြည်ထောင်စု တရားလွှတ်တော်ချုပ် အနေနဲ့ မှားယွင်းဖမ်းဆီး ချုပ်နှောင်ခံ ရတဲ့ နိုင်ငံသားတွေကို ရုံးတော်ကို ဆင့်ခေါ်ပြီးလိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။ အဲလို စစ်ဆေးပြီးတဲ့ အခါမှာ မှန်ကန်ရင် ဒီနိုင်ငံသားတွေကို လုံးဝလွှတ်ပေးပိုင်ခွင့် တရားလွှတ်တော်ချုပ်မှာ ရှိနေပါတယ်'' ဟု ပြောကြားသည်။

နောက်ထပ် စာချွန်တော်တစ်ခုမှာ တားမြစ်စေ စာချွန်တော် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်း၊ အာဏာပိုင်များရဲ့ မှားယွင်းမှု၊ မတရား ဖိနှိပ်မှုများကြောင့် နိုင်ငံသား တစ်ဦးတစ်ယောက် (သို့မဟုတ်) တစ်စုတစ်ဖွဲ့ အနေဖြင့် အခြေခံ လူ့အခွင့်အရေးများ ဆုံးရှုံးမှု ကြုံတွေ့ ရပါက ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ တားမြစ်စေ စာချွန်တော် တင်သွင်းခွင့် ရှိကြောင်း၊ ထိုအခါ တရားလွှတ်တော်ချုပ် အနေဖြင့် အဆင့်ဆင့် စိစစ်ပြီးသည့် အခါတွင် အာဏာပိုင်မေး စာချွန်တော်ဖြင့် အဆိုပါ နိုင်ငံသားများကို ခေါ်ယူစစ်ဆေးပြီး ၎င်းတို့၏ တင်ပြချက်များ မှန်ကန်ပါက ဖမ်းဆီးချုပ်နှောင်မှုမှ ကင်းလွတ်ခွင့်ရရှိမည် ဖြစ်ကြောင်း သူရဦးအောင်ကိုက ထည့်သွင်း ပြောကြားသည်။

သူရဦးအောင်ကိုက ''နောက်ဆုံးတစ်ခုက အမှုခေါ် စာချွန်တော် ဖြစ်ပါ တယ်။ ပြည်ထောင်စု တရား လွှတ်တော် ချုပ်ရဲ့ လက်အောက် တရား လွှတ်တော် အဆင့်ဆင့် (သို့မဟုတ်) လက်အောက် တရားရုံး အဆင့်ဆင့် ကနေ မှားယွင်းတဲ့ စီရင်ချက်များ ချမှတ်ခဲ့ရင် နစ်နာတဲ့ နိုင်ငံသားများ အနေနဲ့ အမှုခေါ် စာချွန်လွှာကို တင်သွင်းခွင့် ရှိပါတယ်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ် အနေနဲ့ လိုအပ်သလို စိစစ်ပြီး ဒါကိုပြင်ဆင် ပယ်ဖျက်ခွင့် ရှိပါတယ်'' ဟု ပြောကြားသည်။

ယခုဥပဒေကြမ်းတွင် အဓိကအချက်မှာ မှားယွင်းသည့် တရားစီရင်မှုများ အပေါ်တွင် နစ်နာသူ နိုင်ငံသား များ အနေဖြင့် ၎င်းတို့၏ နစ်နာမှုများ ကို ပြင်ဆင်ပေးရန်အတွက် အမှုခေါ် စာချွန်တော် တင် သွင်းခြင်း ဖြစ်ကြောင်း၊ ထိုသို့ တင်သွင်းသည့် အခါတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် အနေဖြင့် တရားသူကြီး တစ်ပါးတည်းဖြင့် ကြားနာမှုများ ပြုလုပ်ကာ အဆိုပါ တရားသူကြီး တစ်ဦးအနေဖြင့် နားလည်မှု လွဲမှားပြီး တင်ပြသည့် စာချွန်တော်ကို ပယ်ချခဲ့ပါက နိုင်ငံသားများ အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပေးအပ်သည့် စာချွန်တော်ဆိုင်ရာ အခွင့်အရေးများ လုံးဝဆုံးရှုံး သွားနိုင်ကြောင်း၊ ထို့ကြောင့် အမှုခေါ် စာချွန်လွှာနှင့် ပတ်သက်၍ ကြားနာမှုများ ပြုလုပ်ရာတွင် တရားသူကြီး တစ်ဦး တည်းဖြင့် မဆုံးဖြတ်ဘဲ နှစ်ဦး (သို့မဟုတ်) သုံးဦးဖြင့် ပြုလုပ်နိုင်ရန် ညှိနှိုင်းထားကြောင်း ထည့်သွင်း ပြောကြား ခဲ့သည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် တတိယတရားရေး ဏ္ဍိုင်ဖြစ်သည့် အတွက် လွတ်လပ်ပြီး အမှီအခိုကင်းရန် လိုအပ်ကြောင်း၊ လွတ်လပ်ပြီး အမှီအခိုကင်းစေရန်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ ဂုဏ်သိက္ခာ မြင့်မားလာစေရန် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေမှ စာချွန်တော်အမိန့် ထုတ်ဆင့်ခွင့် အခွင့်အာဏာကို ပေးထားခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုအခွင့်အာဏာကို တိတိကျကျ ကျင့်သုံးပါက မှားယွင်းသော ဖမ်းဆီးချုပ်နှောင်မှုများ၊ နိုင်ငံသားများ အပေါ်တွင် ဖိနှိပ်ကန့်သတ်မှုများကို မည်သည့် ပုဂ္ဂိုလ်၊ မည်သည့် အဖွဲ့အစည်းမှ ပေးသည်ဖြစ်စေ တရားလွှတ်တော် အနေဖြင့် စိစစ်ပြီးမှ အမှန်ကိုဖော်ထုတ် ပယ်ချနိုင်ခွင့် ရှိလာမည်ဖြစ်ကြောင်း သူရဦးအောင်ကိုက ဖြည့်စွက် ပြောကြားသည်။

ထို့နောက် ၂၀၀၃ ခုနှစ် စာချွန်တော်အမိန့် လျှောက်ထားမှုဆိုင်ရာ ဥပဒေကြမ်း ကို လွှတ်တော်သို့ တင်သွင်းခဲ့ရာ လွှတ်တော်မှ အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်၍ လက်ခံ ဆွေးနွေးရန် သဘော တူကြောင်း ကြေ ညာ ခဲ့သည်။

Eleven Media Group

No comments:

Post a Comment