Tuesday 27 August 2013

မိုးထိမိုးမိဒေသရှိ ရွှေလုပ်သား ၂၅၀၀ ကျော်အား အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီမှ မိုင်းမြို့သို့ အပြီးပြောင်းရွှေ့ ခိုင်းမှုအပေါ် သတ္တုတွင်း ၀န်ကြီးဌာသို့ တိုင်ကြားမည်

မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်း ခရိုင်အတွင်းရှိ ရွှေလုပ်သား ၂၅၀၀ ကျော်အား သြဂုတ် ၁၀ ရက် နောက်ဆုံးထားကာ အပြီးပြောင်းရွှေ့ ခိုင်းထားမှုအပေါ် ရွှေလုပ်သားများက သတ္တုတွင်း ၀န်ကြီးဌာန သို့ စာပေးပို့ တိုင်ကြားသွားမည် ဖြစ်ကြောင်း သြဂုတ် ၂၆ ရက်က ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။
မိုးထိမိုးမိ ရွှေလုပ်ငန်း ဒေသရှိ ရွှေလုပ်သားများ၊ အင်းပိုင်၊ စက်ပိုင် များနှင့် ဈေးသည်များအား သြဂုတ် ၁၀ ရက် နောက်ဆုံးထားကာ မိုင်းမြို့သို့ အပြီးပြောင်းရွှေ့ရန် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီမှ စာထုတ်ပြန်ခဲ့ပြီး အင်းအက်တာများကို အသေးစား ကြိတ်စက်များဖြင့် ကြိတ်ခွင့် မပြုတော့ဘဲ ကုမ္ပဏီပိုင် ကြိတ်စက်ကြီးများကိုသာအသုံးပြုရန်နှင့် လက်ကျန်သဲစာ၊ နွံစာများကို စက်တင်ဘာ ၇ ရက် နောက်ဆုံး ထားအပြီး သတ်ပေးရန် စာထုတ်ပြန်ခဲ့ကြောင်း ရွှေလုပ်သားများ၏ ပြောကြားချက်အရ သိရသည်။

''ကျွန်တော်တို့ ရွှေလုပ်သားတွေ အနေနဲ့ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီ ရောက်လာ တဲ့ နောက်ပိုင်းမှာ သူတို့ပြောတာတွေကို ယုံကြည်ပြီး ရှိသမျှ အိမ်ခြံမြေတွေကို ပေါင်နှံရောင်းချပြီး အကျိုးတူ လုပ်ကိုင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဇွန်လမှာတော့ အင်းအက်တာ ကြိတ်စက်တွေ ဖျက်သိမ်းဖို့ စာထုတ်တဲ့အတွက် ဆန္ဒထုတ်ဖော်မှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီမှာ ရွှေလုပ်သားခေါင်းဆောင် ခုနစ်ဦးနဲ့ ကုမ္ပဏီတို့ ရွှေမြင်တင် သဘောတူ စာချုပ်ကို ချုပ်ဆိုခဲ့တယ်။ စာချုပ်ထဲမှာ ဘယ်လိုအချက်တွေ ပါတယ်ဆိုတာကို ခေါင်းဆောင် ခုနစ်ဦးရဲ့ သဘောတူညီချက်နဲ့ ချုပ်ဆိုခဲ့တာ ဖြစ်တယ်။ အဲဒီခေါင်းဆောင် ခုနစ်ဦးကိုလဲ အစုရှယ်ယာတွေ ခွဲပေးပြီး သူတို့လူဖြစ်အောင် လုပ်လိုက်တယ်'' ဟု ရွှေလုပ်သား တစ်ဦးဖြစ်သူ ဦးတင်ဝင်းဌေးက ပြောပြသည်။

ရွှေလုပ်သားများကမူ အင်းအက်တာများကို အသေးစား ကြိတ်စက်များဖြင့်သာ တစ်နှစ်ပြန်လည် လုပ်ကိုင်ခွင့်ပြုရန် ကုမ္ပဏီ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို ပြန်လည် ပြင်ဆင်ပေးရန် (သို့မဟုတ်) သင့်လျော်သည့် လျော်ကြေးငွေပေးကာ ရွှေလုပ်ငန်း လုပ်ကိုင်နိုင် မည့် ဒေသ သို့ ပြောင်းရွှေ့ နေရာချထား ပေးရန် တောင်းဆိုထားသည်။

Eleven Media Group

No comments:

Post a Comment