Tuesday 27 August 2013

နိုင်ငံတော်သမ္မတ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆွေးနွေးပွဲမှ အကြံပြုချက် ၁၇ ချက်အနက် အချက်သုံးချက်ကို ဦးစားပေး လုပ်ငန်းစဉ်အဖြစ် ချက်ချင်းဆောင်ရွက်မည်

နိုင်ငံတော် သမ္မတ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်း ဆွေးနွေးပွဲမှ ရရှိသည့် အရေးကြီးသော အကြံပြုချက် ၁၇ ချက်အနက် အချက်သုံးချက်ကို ဦးစားပေး လုပ်ငန်းစဉ်အဖြစ် ချက်ချင်းဆောင်ရွက် သွားမည် ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။
သြဂုတ် ၁၇ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် နိုင်ငံတော် သမ္မတ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ ၀န်ကြီးများနှင့် INGO များ၊ NGO များမှ တာဝန်ရှိသူများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ပညာရှင်များ တွေ့ဆုံဆွေးနွေးခဲ့ကြရာ အကြံပြုချက် ၁၇ ချက် ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းအကြံပြုချက်များကို သြဂုတ် ၂၅ ရက်တွင် ထပ်မံဆွေးနွေးမှု ပြုလုပ်ခဲ့ကြသည်။

အကြံပြုချက်များနှင့် ပတ်သက်ပြီး ၀န်ကြီးဌာနမှ ချက်ချင်းဆောင်ရွက်မည့် အချက်သုံးချက် မှာ ကျေး လက်ဒေသရှိ ကျေးရွာအားလုံးတွင် သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာ ရရှိစေရေး၊ ကျေးလက်ဒေသ လျှပ်စစ်မီး ရရှိစေရေးအတွက် ကျေးလက်မီးလင်းရေး လုပ်ငန်းများ ဆောင် ရွက်ပေးခြင်းနှင့် ကျေး လက် ပြည်သူများ အာဟာရပြည့်ဝစွာ စားသောက်နိုင်ရေး အတွက် အစားအစာ ဖူလုံမှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက် ပေးခြင်းတို့ဖြစ်ကြောင်း သိရသည်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် ကျေး လက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အသုံးပြုရန် အစိုးရမှ ငွေကျပ်သန်း ၇၅၀၀၀ ကျော် ခွင့်ပြု ထားသည် ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမြင့်က ပြောကြားထားသည်။

Eleven Media Group

No comments:

Post a Comment