Tuesday 27 August 2013

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ ပြန်လည်ကြားနာ အကြံပြုပြင်ဆင်ချက် များအတိုင်း အမျိုးသားလွှတ်တော် အတည်ပြု

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ ၏ ပြန်လည်ကြားနာ အကြံပြု ပြင်ဆင်ချက်များ အတိုင်း သြဂုတ် ၂၆ ရက်က ပြုလုပ်သော အမျိုးသား လွှတ်တော်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည်။
မူလက ယင်းဥပဒေကြမ်းအား အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ မှ ပြည်သူ့ လွှတ်တော် ၏ ပြင်ဆင်အတည်ပြု ပြဋ္ဌာန်းချက်အား လေ့လာတွေ့ရှိချက် အစီရင်ခံစာကို သြဂုတ် ၁၉ ရက်က အမျိုးသား လွှတ်တော်တွင် ဖတ်ကြား တင်သွင်းခဲ့ပြီး သြဂုတ် ၂၃ ရက်တွင် အဆိုပါ အစီရင်ခံစာအား လွှတ်တော် ကိုယ်စားလှယ် ခုနစ်ဦးက အကြံပြု ဆွေးနွေးခဲ့ရာ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဥပဒေကြမ်း ကော်မတီ အနေဖြင့် ပြန်လည်ကြားနာရန် ဆုံးဖြတ်ခဲ့သည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီမှ ပြန်လည်ကြားနာ ၍ သြဂုတ် ၂၆ ရက်တွင် အစီရင်ခံစာ ပြန်လည်တင်သွင်း၍ လွှတ်တော်မှ ဥပဒေကြမ်း ကော်မတီ၏ ပြန်လည် တင်သွင်းသည့် အစီရင်ခံ စာ ပါ ပြင်ဆင်ချက်များအတိုင်း အတည်ပြု ပြဋ္ဌာန်းခဲ့သည်။

အဆိုပါ ဥပဒေကြမ်းတွင် ပြည်သူ့လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းခဲ့သည့် အခန်း (၁) ပုဒ်မ (၂) ပုဒ်မခွဲ (ဍ) မှတ်ပုံတင် အရာရှိ အဓိပ္ပာယ် ဖွင့်ဆိုချက်အား ပယ်ဖျက်ခဲ့ပါသည်။ အခန်း (၂) ပုဒ်မ (၃) ပါ ပြဋ္ဌာန်းချက်တွင် မှတ်ပုံတင် အရာရှိထံ မိမိလုပ်ငန်းကို အသိအမှတ်ပြုရန် အတွက် လျှောက်ထား ရမည့်အစား ''၀န်ကြီးဌာနသို့'' လျှောက်ထားရမည်ဟု လည်းကောင်း၊ ပုဒ်မ (၄) တွင် မှတ်ပုံတင် အရာရှိက လုပ်ငန်းအသိအမှတ်ပြု လက်မှတ် ထုတ်ပေးရမည့် အစား ''၀န်ကြီးဌာန'' က ထုတ်ပေးရမည်ဟု လည်းကောင်း၊ အခန်း (၅) ပုဒ်မ (၁၃) ပုဒ်မခွဲ (ခ) ပါ ထုတ်ဝေစာနှင့် ပတ်သက်၍ ''သတ်မှတ် အရေအတွက်အတိုင်း မှတ်ပုံတင် အရာရှိထံ အဖိုးအခလွတ် ပေးပို့ရမည် ''စကားရပ်အား'' သတ်မှတ်ချက်များနှင့်အညီ ၀န်ကြီးဌာနသို့ ပေးပို့ရမည်'' ဟု လည်းကောင်း၊ အခန်း (၄) ပုဒ်မ (၉) တွင် ''၀န်ကြီး သို့မဟုတ် ၀န်ကြီးက တာဝန်ပေးအပ်ခြင်း ခံရသူသည် ပုဒ်မ ၇ ပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်နှင့် ငြိစွန်းကြောင်း စိစစ်တွေ့ရှိပါက အဆိုပါ ထုတ်ဝေစာကို တရားမ၀င် ထုတ်ဝေစာအဖြစ် ကြေညာနိုင်သည်'' ဟု ပုဒ်မအစား ပုဒ်မ ၁၂ အဖြစ်'' လျှောက်ထားလွှာ လက်ခံရရှိသော တရားရုံးသည် တရားဝင် ထုတ်ဝေစာ မဟုတ်ကြောင်း အမိန့်တစ်စုံတစ်ရာ မချမှတ်မီ လျှောက်ထားခံရသော ထုတ်ဝေစာကို ဖြန့်ချိခြင်း မပြုရန် ယာယီတားဝရမ်း ထုတ်ဆင့်ခြင်းကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်သည်'' ဟု ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်။

ထို့အပြင် ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ပြဋ္ဌာန်းချက် အခန်း (၇) ပါ ပြစ်မှုနှင့် ပြစ်ဒဏ်များတွင် ပုဒ်မ ၂၁ တွင် ငွေဒဏ်ကျပ် 'သိန်းငါးဆယ်မှ သိန်းတစ်ရာ' အား ပုဒ်မ ၁၈ အဖြစ် 'သိန်းနှစ်ဆယ်မှ သိန်းငါးဆယ်' ဟု လည်းကောင်း၊ ပုဒ်မ ၂၂ တွင်ငွေဒဏ်ကျပ် 'သိန်းတစ်ဆယ်မှ သိန်းငါးဆယ်' အစား 'သိန်းတစ်ဆယ်မှ သိန်းသုံးဆယ်' ဟု လည်းကောင်း၊ အခန်း (၈) အထွေထွေ ပြဋ္ဌာန်းချက်ပါ ပုဒ်မ (၂၈)တွင် ''မည်သူမဆို သီးခြားဥပဒေ ပြဋ္ဌာန်းထားခြင်း မရှိလျှင် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းကို ရေဒီယို ရုပ်သံထုတ်လွှင့်ခြင်း လုပ်ငန်းနှင့် ပူးပေါင်းလုပ်ကိုင်ခွင့် မရှိစေရ'' ဟု ပြဋ္ဌာန်းချက်အား အမျိုးသား ဥပဒေကြမ်း ကော်မတီမှ ပယ်ဖျက်သင့်ကြောင်း အကြံပြုချက် အတိုင်းပင် ပြဋ္ဌာန်းခဲ့သည်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီမှ မူလအစီရင်ခံစာတွင် ပါဝင်သော ပုဒ်မဖြစ်သည့် ''နိုင်ငံအချင်းချင်း အပြန်အလှန် နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို ထိခိုက်စေနိုင်မည့် အကြောင်း အရာများ ဖော်ပြခြင်း'' အချက်သည် လက်တွေ့၌ အငြင်းထွက်ဖွယ် ရာများရှိသဖြင့် ဖြည့်စွက်ခြင်း မပြုတော့ရန် ညှိနှိုင်းသဘောတူညီမှု ရရှိကြောင်း ဥပဒေကြမ်း ကော်မတီ၏ ထပ်မံတင်သွင်းသည့် အစီရင်ခံစာတွင် ဖော်ပြထားပြီး ယင်းပုဒ်မမှာ ပြန်လည်ပါဝင်လာခြင်း မရှိဘဲ ပယ်ဖျက်ခဲ့ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်၏ အတည်ပြု ပြဋ္ဌာန်းချက် အခန်း (၃) ပုဒ်မ (၇) ပုဒ်မခွဲ (ဃ) ''ရာဇ၀တ်မှု၊ ရက်စက် ကြမ်းကြုတ် မှု၊ အကြမ်းဖက်မှု၊ လောင်းကစားမှုနှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများ ဆိုင်ရာ ပြစ်မှုကျူးလွန်ခြင်းတို့ကို အားပေးခြင်း လှုံ့ဆော်ခြင်း'' အား အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ မူလအစီရင်ခံစာ၌ ''တည်ဆဲဥပဒေများနှင့် ဆန့်ကျင်သော ပြစ်မှု ကျူးလွန်ခြင်း တို့ကို အားပေးခြင်း၊ လှုံ့ဆော်ဖော်ပြခြင်း'' ဟု ပြင်ဆင်ခဲ့သော်လည်း ထပ်မံတင်သွင်းသည့် အစီရင်ခံစာတွင် ပြည်သူ့လွှတ်တော် အတည်ပြုချက် အတိုင်းသာဟု ပြန်လည်ပြင်ဆင်ပြီး အမျိုးသား လွှတ်တော်မှလည်း အတည်ပြု ပြဋ္ဌာန်းခဲ့သည်။

သို့ရာတွင် ဥပဒေကြမ်း ကော်မတီ အနေဖြင့် မူလအစီရင်ခံစာအား လွှတ်တော် ကိုယ်စားလှယ် ခုနစ်ဦး ဆွေးနွေးအပြီးတွင် ပြန်လည်ကြားနာရာ၌ ကျန်ခြောက်ဦးနှင့် ညှိနှိုင်း သဘောတူညီမှု ရရှိသော် လည်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်နှင့် ညှိနှိုင်းရာတွင် ''ပုံနှိပ်ခြင်း လုပ်ငန်း ကို ဆောင်ရွက်မည့် ပုံနှိပ်သူများသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် စည်းကမ်းချက်များကို လိုက်နာဆောင် ရွက် ရန် လိုအပ်ခြင်း မရှိသည့် အတွက် ဥပဒေကြမ်းတွင် ပုံနှိပ်ခြင်းနှင့် သက်ဆိုင်သော စကားရပ်များ၊ ပုံနှိပ်သူနှင့် သက်ဆိုင်သော စကားရပ်များကို ပယ်ဖျက်ပေးရန်'' တင်ပြခဲ့သဖြင့် သဘောတူညီမှု မရှိဘဲ အမျိုးသား လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရန် သဘောတူခဲ့ကြောင်း သိရသည်။

ထို့နောက် အမျိုးသား လွှတ်တော်၌ လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်၏ အဆိုပါပုံနှိပ်ခြင်း စကားရပ်အား ပယ်ဖျက်ပေးရန် တင်ပြ မှုအား မဲခွဲဆုံးဖြတ်ရာတွင် ဥပဒေကြမ်း ကော်မတီ အား ထောက်ခံ မဲများ သဖြင့် ဦးဖုန်းမြင့်အောင်၏ ပြင်ဆင်ချက်မှာ ရှုံးနိမ့်ခဲ့သည်။ အမျိုးသားလွှတ်တော် ဥ ပဒေကြမ်း ကော်မတီသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းအား ပြန်လည်ကြားနာ ရာ၌ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)၊ ပြန်ကြားရေး ၀န်ကြီးဌာန တို့နှင့်လည်း ထပ်မံ တွေ့ ဆုံဆွေးနွေး ညှိနှိုင်းခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment