Tuesday 27 August 2013

အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့က ဆီးရီးယား ဝန်းကျင်တွင် စစ်ရေးအင်အား တောင့်တင်းစွာ ချထား

အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့က ဆီးရီးယား ဝန်းကျင်တွင် စစ်ရေးအင်အား တောင့်တင်းစွာ ချထား
ဆီးရီးယားနိုင်ငံကို တိုက်ခိုက်နိုင်ဖွယ်ရှိသည့် အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ် နိုင်ငံတို့သည် ဆီးရီးယားနိုင်ငံ ပတ်ဝန်းကျင်တွင် စစ်ရေးအင်အား တောင့်တင်းစွာ ချထားပြီး ဖြစ်ကြောင်း သြဂုတ် ၂၆ ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။
အမေရိကန်နိုင်ငံမှ ဖျက်သင်္ဘောလေးစင်းကို မြေထဲပင်လယ် အရှေ့ပိုင်းဒေသတွင်လည်းကောင်း၊ ဗြိတိန်နိုင်ငံမှ    စစ်သင်္ဘောလေးစင်း၊ HMS Bulwark ရဟတ်ယာဉ်တင် သင်္ဘောတစ်စင်းနှင့် ဖရီးဂိတ် စစ်သင်္ဘော နှစ်စင်းတို့ကို အယ်လ်ဘေး နီးယားကမ်းလွန် ပင်လယ်ပြင်တွင် လည်းကောင်း၊ ပြင်သစ်နိုင်ငံမှ Rafale နှင့် Mirage ဂျက်တိုက်လေယာဉ်များအား ယူအေအီး နိုင်ငံတွင် လည်းကောင်း အသီးသီးဖြန့်ကြက် ချ ထားကြောင်း သိရသည်။

ထို့အပြင် တူရကီနိုင်ငံရှိ အင်ဆာလစ် နှင့် အဇ်မီယာမြို့များတွင် အမေရိကန် လေတပ်အခြေစိုက် စခန်းများရှိပြီး ဆိုက်ပရပ်နိုင်ငံ အက်ခရိုတီရီမြို့တွင် ဗြိတိန် လေတပ် အခြေစိုက် စခန်းတို့ရှိခြင်းကြောင့် ဆီးရီးယားနိုင်ငံအပေါ် ပြုလုပ်မည့် ထိုးစစ်အတွက် ပိုမိုထောက်ပံ့ ကူညီပေးနိုင်မည် ဖြစ်သည်။ သို့သော်လည်း မကြာသေးမီ နှစ်များက ဆီးရီးယားနိုင်ငံသည် ရုရှားနိုင်ငံမှ Pantsir မြေပြင်မှဝေဟင် ပစ်ဒုံးကျည် စနစ် ၃၆ ခုနှင့် Buk-M2E မြေပြင်မှ ဝေဟင်ပစ် ဒုံးတပ်ခွဲ ၈ ခွဲခန့် ရရှိ ထားခြင်းကြောင့် လေကြောင်းရန် ကာကွယ်ရေး စနစ်အင်အား တောင့်တင်း လျက်ရှိသည်။ ထို့ကြောင့် အနောက်အုပ်စုသည် ဆီးရီးယား၏ လေကြောင်း ရန် ကာကွယ်ရေး စနစ်များကို ရှောင်ရှား နိုင်ရန်အတွက်  ပစ်မှတ်ကို မိုင် ၁၅ဝ အကွာအဝေးမှ ပစ်ခတ် တိုက်ခိုက်နိုင်သည့်  တာဝေးပစ် Storm Shadow ခရုဇ်ဒုံး ကျည်များ တပ်ဆင်ထားသည် Tornado တိုက်လေယာဉ်များဖြင့် စစ်ဆင် တိုက်ခိုက်ရန် စဉ်းစားလျက် ရှိသည်။ အဆိုပါ ဒေသတွင်း၌ ဖြန့်ကြက်ချထားသော အမေရိကန် စစ်သင်္ဘောများတွင် Tomahawk ခရုဇ်ဒုံးကျည်များ တပ်ဆင်ထားသည့် အပြင် အမေရိကန်သည် ဂျော်ဒန်နိုင်ငံတွင်လည်း F-16 တိုက်လေယာဉ် များနှင့် Patriot ဒုံးတပ်ခွဲများ ဖြန့်ကြက် ချထားကြောင်းလည်း သိရသည်။

မြ၀တီ

No comments:

Post a Comment