Tuesday 22 December 2015

မြန်မာနိုင်ငံတိုးတက်မှုနှေးကွေးခြင်းသည် ညီညွတ်ရေးအား ပျော့နေ သောကြောင့် ဖြစ်၍ သတိထားရန်လို ဟု ပါမောကချုပ်ဆရာတော်မိန့်ကြား

အခြားနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံတိုးတက်မှုနှေးကွေးခြင်းသည် ညီညွတ်ရေးအားပျော့နေသောကြောင့်ဖြစ်သည်ကို သတိထားကြရန် လိုအပ်ကြောင်း အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသကမိန့်ကြားသည်။
ဒီဇင်ဘာလ၂၁ရက်က ရန်ကုန်ပညာရေးတက္ကသိုလ်အတွင်းကျင်းပသည့် ပုဂံဆောင်မိသားစု၏အထူးတရားပွဲ “ဘ၀ဒုက္ခအဆုံးသတ်ရေး မြတ်ဗုဒ္ဓ၏သမီးတော်များရင်တွင်းစကား”တရားတော်တွင် ယင်းသို့ထည့်သွင်းမိန့်ကြားခြင်းဖြစ်သည်။

“ငါဒီကျတဲ့တာဝန်ကို အကောင်းဆုံးလုပ်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့ ကြိုးစား အားထုတ်မယ် ဆိုရင် တိုးတက်သွားမှာပဲ”ဟု ဆရာတော်ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသကမိန့်ကြားသည်။

တစ်ဦးနှင့်တစ်ဦးအပြစ်တင်စကားပြောဆိုနေမည့်အစား မိမိကိုယ်ကိုယ်နှင့် မိမိပတ်ဝန်းကျင်၊ လုပ်ဖော်ကိုင်ဖက်များနှင့် တညီတညွတ်တည်းလုပ်ကိုင်ကြရန်လိုအပ်ပြီး ညီညွတ်ရေးအပြင် ကျန်းမာရေးနှင့်ပညာရေးတိုးတက်ရန်လိုအပ်ကြောင်း ဆရာတော်ကဆက်လက်မိန့်ကြားသည်။

ထို့ပြင်တစ်ဦးချင်းစီးပွားရေးလုပ်ကိုင်ကြရာတွင် မရသေးသောဥစ္စာကိုရရှိတိုးတက်အောင်ဆောင်ရွက်ခြင်း၊ ကိုယ်ကျင့်တရားနှင့်အညီစီးပွားရှာခြင်း အမြင်နှစ်မျိုးရှိရန်လိုအပ်ပြီး လုံ့လဝီရိယထားရှိရာတွင် လုပ်ငန်းကျွမ်းကျင်မှု၊ နည်းပညာအသုံးချတတ်မှု၊ ဇွဲကောင်းမှု၊ စီမံခန့်ခွဲမှုကောင်းမွန်ရန်အချက်များနှင့် ညီညွတ်ရန်လိုအပ်ကြောင်း ဆရာတော်ကမိန့်ဆိုသည်။

လုံ့လအားကောင်းသော်လည်းနည်းပညာကျွမ်းကျင်မှုမရှိခြင်းကြောင့် တိုးတက်မှုဖြစ်ထွန်းနိုင်သလောက်မဖြစ်ထွန်းဘဲရှိနေခြင်း၊ရရှိထားသောအခြေအနေများကို အလေအလွင့်မရှိစေရန်ထိန်းသိမ်းတတ်ရန်လည်း လိုအပ်ကြောင်းမိန့်ကြားပြီး မြန်မာနိုင်ငံသားများသည် ယင်းသို့ထိန်းသိမ်းမှုတွင်အားနည်းကြောင်း ဆရာတော်ကဆက်လက်မိန့်ကြားသည်။

ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသကိုမြန်မာသက္ကရာဇ်၁၃၀၁ခုနှစ်က စဥ့်ကူးမြို့နယ် ညောင်ပင်ရွာ၌ အဖဦးစံလှ၊ အမိဒေါ်ခင်ကမွေးဖွားခဲ့ပြီး မွေးချင်း၁၂ယောက်အနက် ၁၁ဦးမြောက်ဖြစ်သည်။

ဆရာတော်သည်ပြည်တွင်းစာသင်တိုက်များအပြင် အိန္ဒိယနိုင်ငံ၊ သီရိလင်္ကာနိုင်ငံများသို့ သွားရောက်ပညာသင်ကြားခဲ့ပြီး လက်ရှိတွင်ရန်ကုန်အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်တွင် ပါမောက္ခချုပ်အဖြစ်ဆောင်ရွက် လျှက်ရှိသည်။

ဆရာတော်သည်မြန်မာဘာသာဖြင့်အတ္ထုပ္ပတ္တိသုံးကျမ်း၊ အင်္ဂလိပ်ဘာသာဖြင့်အဘိဓမ္မာဆိုင်ရာနှစ်ကျမ်း၊ ပါဠိဘာသာဖြင့်တစ်ကျမ်းပြုစုထုတ်ဝေခဲ့သည်။

The Voice Weekly

No comments:

Post a Comment