Tuesday 22 December 2015

ငွေကျပ် သိန်း ၅၀ ခြိမ်းခြောက်တောင်းယူမှုဖြင့် စခန်းမှူးနှင့် တပ်သားများကို အရေးယူမည်

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မှ ပြန်လာသော အမျိုးသမီးတစ်ဦးထံမှ ငွေကျပ် သိန်း ၅၀ ခြိမ်းခြောက်တောင်းယူမှုဖြင့် မိုးကုတ်မြို့၊ ပိန်းပျစ်ကျေးရွာ ရဲစခန်းမှူးနှင့် ရဲတပ်သားလေးဦးကို ရဲအက်ဖြင့် အရေးယူမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ကျူးလွန်ခဲ့တဲ့ စခန်းမှူးနှင့် တပ်သားသုံးဦးကို ခုံရုံးတင် စစ်ဆေးလိုက်တော့ သူတို့ အမှန်တကယ် ကျူးလွန်ခဲ့တယ်လို့ ယူဆရတဲ့အတွက် သူတို့ကို အရေးယူဖို့ စီစဉ်နေပါတယ်၊ သူတို့ကို ဘာပြစ်ဒဏ်ချမှတ်မယ် ဆိုတာတော့ သေချာမပြောနိုင်သေးဘူး၊ ဆုံးဖြတ်မှာကလည်း ရဲတရားသူကြီးက ဆုံးဖြတ်မှာပါ” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

နိုဝင်ဘာလ ၁၈ ရက် ည ၈ နာရီ အချိန်ခန့်က မိုးကုတ်မြို့နယ် ပိန်းပျစ်ကျေးရွာနေ ဒေါ်နီနီဝဝ်းနှင့် ဒေါ်ဖြူဖြူဝင်းတို့၏ နေအိမ်သို့ ပိန်းပျစ်ကျေးရွာ စခန်းမှူး ရဲအုပ်ခင်မောင်ဌေးနှင့် ရဲတပ်သားလေးဦးတို့ လာရောက်၍ ငွေကျပ် သိန်း ၅၀ ကို ခြိမ်းခြောက်တောင်းဆိုခဲ့ခြင်း ဖြစ်ပြီး ခြိမ်းခြောက်တောင်းဆိုခံရသူ ဒေါ်နီနီဝင်းက စခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်တို့အား တိုင်တန်းအမှုဖွင့်ထားခဲ့ပြီး ယင်းဖြစ်စဉ်ကို နိုဝင်ဘာလ ၂၃ ရက်နေ့မှ စတင်၍ ပြင်ဦးလွင်ခရိုင် ရဲတပ်ဖွဲ့မှ ခုံရုံးဖွဲ့စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

“ခုံရုံးဖွဲ့ စစ်ဆေးနေတုန်းမှာပဲ ရဲတပ်ဖွဲ့ကနေ သူတို့ လာတောင်းသွားတဲ့ သိန်းငါးဆယ်ကို ပြန်လက်ခံဖို့ လာနားချနေပါတယ်။ ကာယကံရှင်တွေကတော့ ပုဂ္ဂိုလ်ရေးအရ ပေးတာဆို လက်မခံနိုင်ဘူး၊ ဥပဒေကြောင်းနှင့်အညီပေးမှ ယူမယ်ဆိုပြီး ငြင်းထားပါတယ်၊ အမှုကိုပေါ့အောင် သူတို့ဘက်က ကြိုးပမ်းနေတယ်လို့ မြင်တာပဲ” ဟု မိုးကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဦးစိုးမြင့်က ပြောကြားသည်။

ဖြစ်စဉ်ဖြစ်ပွားစဉ်က စခန်းမှူးအပါ ငါးဦးဟု ကာယကံရှင်များက ပြောဆိုခဲ့ကြသော်လည်း အိမ်ထဲသို့ ဝင်၍ မိမိတို့ မျက်မှောက်သို့ ရောက်ရှိလာသည့် စခန်းမှူးပါ လေးဦးကိုသာ အမှုဖွင့်ထားပြီး ယင်းညက အိမ်ထဲသို့ ဝင်မလာဘဲ ကားပေါ်တွင် နေခဲ့သူတစ်ဦးကို အမှုစစ်ဆေးရာတွင် သက်သေမပြနိုင်မည်စိုး၍ အမှုအတွင်း ထည့်သွင်းထားခြင်း မရှိကြောင်း ၎င်းက ရှင်းပြသည်။

ယင်းဖြစ်ကို စစ်ဆေးနေစဉ်ကာလ အတွင်း ဖြစ်စဉ်အတိုင်း စခန်းမှူးနှင့် ရဲတပ်သားလေးဦးတို့သည် အမှန်တကယ် ကျူးလွန်ခဲ့သည်ဟု စစ်ဆေးတွေ့ရှိခဲ့ပါက ကျူးလွန်သူများ အနေနှင့် ပြစ်မှုဆိုင်ရာ ဥပဒေအရ အရေးယူခံရမည့်အပြင် ရဲတပ်ဖွဲ့ အက်ဥပဒေများ အရပါ အရေးယူခံရမည်ဖြစ်ကြောင်း၊ ငွေတောင်းယူရာတွင် ငါးဦး ပါဝင်နေသည့်အတွက် ဓားပြမှုလည်း မြောက်နေကြောင်း နိုဝင်ဘာလ ၂၉ ရက်နေ့က တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားထားသည်။

The Voice Weekly

No comments:

Post a Comment