Tuesday 22 December 2015

MPT ဖုန်းနံပါတ်များလေလံအောင်သည့် ကျပ်သန်း(၂၉၀)ကျော်ဖြင့် ဘုန်းတော်ကြီး ပညာသင်ကျောင်း များတွင် မီးအိမ်လှူမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)က ဖုန်းနံပါတ်အလှများ လေလံတင်ရောင်းချခဲ့ရာမှ လေလံ အောင်သည့် ကျပ်သန်း(၂၉၀)ကျော်ကို ဘုန်းတော်ကြီး ပညာသင်ကျောင်းများသို့ ဆိုလာစွမ်းအင် သုံးမီးအိမ်များ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါလေလံပွဲကို ဒီဇင်ဘာ(၁၉) ရက်က ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး လေလံပွဲချိန်အ တွင်း စုစုပေါင်းငွေကျပ် (၂၉၂.၈)သန်းဖိုး လေလံအောင်မြင်ခဲ့ပြီး ငွေပေးချေမှုများ ပြီးစီးသွား ချိန်မှသာ အမှန်တကယ်ရရှိသည့်ငွေများကို ကြေညာပေးသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“ရောင်းရငွေတွေ အပြီးသတ်လက်ခံရရှိချိန် မှာ ဘယ်လောက်ရတယ်ဆိုတာ ဆက်လက်ကြေညာ ပေးသွားမှာပါ။ လေလံအောင်မြင်ထားသူတွေ ငွေပေးသွင်းမှု မပြီးဆုံးသေးပါဘူး။”ဟု MPT ၏ သတင်းထုတ်ပြန်ရေး တာဝန်ယူထားသည့် Zagar Communication မှ မနန်းညီက ပြောသည်။

လေလံတင်ရောင်းချခြင်းမှ ရရှိသောရောင်းရငွေများဖြင့် MPT အမှတ်တံဆိပ်ရိုက်နှိပ်ထားသော Panasonic အမှတ်တံဆိပ် ဆိုလာနေရောင်ခြည်သုံး မီးအိမ်များနှင့် အားသွင်းပစ္စည်းများဝယ်ယူကာ လျှပ်စစ်မီးမရရှိသော ဒေသများမှ ဘုန်းတော်ကြီးပညာသင်ကျောင်း(၉၉)ကျောင်းသို့ မန္တလေး ဖောင်တော်ဦး ဘုန်းတော်ကြီးပညာသင်ကျောင်းမှတဆင့် လှူဒါန်းသွားမည်ဖြစ်သည်။

လေလံပွဲအတွင်း GSM နှင့် WCDMA နံပါတ်ပေါင်း(၁၂၆)ခုကို လေလံတင်ခဲ့ပြီး ဆင်တူနံပါတ်(၇)လုံးပူး (၇)ခု၊ ဆင်တူနံပါတ်(၆)လုံးပူး(၄၉)ခုနှင့် ဆင်တူနံပါတ်(၅)လုံးပူး(၇၀)ခုပါဝင်ခဲ့ကြောင်း သိရသည်။

နံပါတ်(၇)လုံးတူတစ်ခုကို ကျပ်သိန်း(၂၂၀)ဖြင့် ဈေးအမြင့်ဆုံးလေလံအောင်ခဲ့ပြီး နံပါတ်(၆)လုံးတူများ အနက် အမြင့်ဆုံး(၉၄)သိန်းနှင့် နံပါတ်တွဲများထဲတွင် အမြင့်ဆုံး(၇၅)သိန်းဖြင့် လေလံအောင်မြင်ခဲ့ ကြောင်း သိရသည်။

လေလံအောင်မြင်သူများသည် ဒီဇင်ဘာ ၂၈ ရက် နောက်ဆုံးထားကာ မြန်မာ့စီးပွားရေးဘဏ်(MEB)တွင် ငွေပေးသွင်းရမည်ဖြစ်ကာ ဘဏ်မှငွေသွင်းပြီးစီးကြောင်း သက်သေခံလက်မှတ်(Payment Slip)နှင့် မှတ်ပုံတင် ပြသကာ MPT ရုံးချုပ်တွင် လေလံအောင်ထားသော နံပါတ်အလှများကို ထုတ်ယူရမည်ဖြစ်ပြီး လေလံပွဲတွင် ပါဝင်ခဲ့သူများနှင့် လေလံအောင်မြင်ခဲ့သူများအား MPT မှ ကျေးဇူးတင်ကြောင်း ဂုဏ်ပြုလက်မှတ်များ ပြန်လည် ချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဇော်မျိုးဦး(မြစ်မခ) ၊ ရန်ကုန်၊ ဒီဇင်ဘာလ (၂၁) ရက်
Yangon Media Group

No comments:

Post a Comment