Tuesday 22 December 2015

“၀”မူးယစ်ရာဇာတွေရဲ့ ခြေလှမ်းကို ရပ်တန့်ပစ်ဖို့ လိုပြီ

“၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဟာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံရဲ့ နယ်နိမိတ် ထဲမှာတည်ရှိသလို အစိုးရရဲ့ သြဇာသက် ရောက်နေတဲ့ ဒေသလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လတ်တလောကာလမှာ“၀” ဒေသက မူးယစ်ရာဇာတွေရဲ့ ခြေလှမ်းဟာ မူမမှန်ဘဲ မဟုတ်တာလုပ်ဖို့ ကြံစည်နေတဲ့ အရိပ်အယောင်မျိုးတွေ ဖြစ်လာ ပါတယ်။ အထူးသဖြင့် “၀”ခေါင်းဆောင်တွေဟာ စစ်အင်အားရော၊ လူအင်အားပါ ဖြည့်တင်းပြီး သူတို့ လိုချင်တဲ့ “၀”ပြည်နယ်ရဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေတဲ့သဘောဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ “၀”အဖွဲ့ ပိုင်ဆိုင်တဲ့ လက်နက်တွေကို “၀” ခေါင်းဆောင်တွေ ကြည့်ရှုနေတဲ့ပုံတွေ ပျံ့နှံ့လာတာ တွေ့ရပါတယ်။
“၀”ခေါင်းဆောင်တွေဟာ မူးယစ်ဆေးဝါးနာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ မူးယစ်ရာဇာတွေမှန်း ကမ္ဘာကတောင် သိပါတယ်။ အမေရိကန်နိုင်ငံ၊ DEA က “၀”ခေါင်းဆောင်(၈)ဦးကို ဖမ်းမိရင် အမေရိကန်ဒေါ်လာ ၂ သန်းပေး မယ်လို့ ဆုကြေးထုတ်ထားတာဖြစ်ပါတယ်။ မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းတွေနဲ့ ကြီးပွားချမ်းသာလာတဲ့ “၀” ခေါင်းဆောင်တွေဟာ လက်နက်မှောင်ခိုတွေနဲ့ ထပ်ပြီးစီးပွားရှာနေပြန်ပါတယ်။ “၀”ဟာ တရုတ်ဆီက လက်နက် အသစ်အဆန်းတွေကို ၀ယ်ယူပြီး သူတို့အဖွဲ့မကိုင်တော့တဲ့ လက်နက်အဟောင်းတွေကိုတော့ တိုင်းရင်းသား လက်နက်ကိုင် တချို့ဆီ ပြန်ရောင်းနေတယ်လို့ သိရပါတယ်။ မူးယစ်ဆေးဝါးကနေရတဲ့ ငွေမည်းတွေကို ငွေဖြူ ဖြစ်အောင် “၀”ခေါင်းဆောင်တွေဟာ ပြည်တွင်းပြည်ပမှာ စီးပွားရေးလုပ်ငန်းတွေ ထူထောင်ပြီး ရင်းနှီးမြှုပ်နှံမှု တွေ လုပ်ခဲ့ပါတယ်။

ရန်ကုန်မြို့မှာ အခြေစိုက်တဲ့ဟုန်ပန်းကုမ္ပဏီလုပ်ငန်းစု အောက်ကဟုန်ပန်းအမည်နဲ့ လျှပ်စစ်ပစ္စည်း၊ ကျောက်မျက်တူးဖော်ရေး၊ အထည်အလိပ်လုပ်ငန်း၊ ကုန်သွယ်လုပ်ငန်း၊ မွေးမြူရေးထုတ်ကုန်လုပ်ငန်းများ၊ စင်္ကာပူနဲ့မြန်မာမှာရှိတဲ့ တက်ခမ်းဆောက်လုပ်ရေးကုမ္ပဏီ၊ တက်ခမ်းကျောက်မျက်ကုမ္ပဏီ၊ ရန်ကုန်အဲဝေး လေကြောင်းလိုင်း၊ Vest Spetrum (S) pte, Ltd၊ တရုတ်နိုင်ငံမှာ Dechong Thailong Hotel Co.,Ltd၊ ထိုင်း နိုင်ငံမှာ Sangsiri Kankaset Company Limited နဲ့ Khum Thaw Company Limited တို့ဟာ “၀” ခေါင်းဆောင် မူးယစ်ရာဇာတွေပိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေလို့ သိရပါတယ်။ အဲဒီလုပ်ငန်းတွေကရရှိတဲ့ငွေ တွေနဲ့ “၀”အဖွဲ့ဟာခေတ်မီလက်နက်ပစ္စည်းတွေ ၀ယ်ယူပြီး စစ်အင်အားတိုးချဲ့မှုတွေ လုပ်လာတာဖြစ်ပါတယ်။

ဒါ့ပြင် မကြာသေးခင်က ဖားကန့်ကျောက်စိမ်းဒေသမှာ မြေပြိုကျမှုကြောင့် လူပေါင်းတစ်ရာကျော် သေဆုံးခဲ့တဲ့ ရတနာရောင်ခြည်ကုမ္ပဏီပိုင် ကျောက်စိမ်းတွင်းကို မူးယစ်ရာဇာ ဝေရှောက်ခန်း ထိန်းချုပ်ထားတာ ဖြစ်တယ်လို့ Global Witness က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းကနေ ရရှိတဲ့ငွေတွေနဲ့ ကြီးပွား ချမ်းသာလာတဲ့ “၀”ခေါင်းဆောင်တွေဟာ ပြည်ထောင်စုကနေ ခွဲထွက်ဖို့ ကြံစည်လာတာကို လက်ပိုက်ကြည့် နေရမယ့်အချိန် မဟုတ်ဘူးလို့ ပြောချင်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးမှာလည်း “၀”ခေါင်းဆောင်တွေဟာ NCA လက်မှတ်မထိုးဘဲ နေသာသလိုနေခဲ့တယ်။ NCA မထိုးခင်နဲ့ ထိုးပြီးတော့လည်း ပန်ဆန်းမှာ NCA မထိုးတဲ့ လက်နက်ကိုင်တစ်စုကို ခေါ်ပြီး ညီလာခံကျင်းပပေးတယ်။ ပြီးတော့ “၀”ပြည်နယ်ရရှိရေး ထောက်ခံခိုင်းတယ်။ အစိုးရဆီကိုလည်း “၀”ပြည်နယ် သတ်မှတ်ပေးဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်။ “၀”က သူတို့တောင်းတဲ့ ကိုယ်ပိုင်ပြည်နယ်မပေးရင် တရုတ်အားကိုးနဲ့ အစိုးရကို ပြန်တိုက်ဖို့အထိ စစ်ရေးပြင်ဆင်နေတာတွေ့ရပါတယ်။ တဖြည်းဖြည်း အတင့်ရဲလာတဲ့“၀”မူးယစ်ရာဇာတွေရဲ့ ခြေလှမ်းကို ရပ်တန့်ပစ်ဖို့လိုပြီဖြစ်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရပါတယ်။

စိုင်းဇော်အောင်
နေ့စဉ်သတင်း

No comments:

Post a Comment