Tuesday 22 December 2015

ရန်ကုန်လေဆိပ်တွင် ဘင်္ဂါလီတစ်ဦးကို ဖမ်းမိခဲ့ရာမှ ဒလတွင် ခိုအောင်းနေသော ဘင်္ဂလီ နှစ်ဦးကို ထပ်မံ ဖမ်းမိ

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြည်ပထွက်ခွာဆောင်တွင် ဒီဇင်ဘာလ ၁၉ ရက် မွန်းလွဲပိုင်းက မြန်မာ နိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားသော အသက် ၂၀ အရွယ်ရှိ ဘင်္ဂလီ အမျိုးသားတစ်ဦးကို သတင်းရဲ တပ်ဖွဲ့က ဖမ်းဆီးကာ စစ်ဆေးခဲ့ရာမှ ဒလမြို့နယ်ရှိ နေအိမ်တစ်လုံးတွင် ပုန်းခိုနေသော ဘင်္ဂလီအမျိုးသားနှစ်ဦးကို ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန် တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
“မြန်မာနာမည်နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပထွက်ခွာမယ့် ဘင်္ဂလီအမျိုးသားကို လေဆိပ်မှာ ဖမ်းမိလို့ စစ်ဆေးရာကနေ ရန်ကုန်ထဲ ခိုးဝင်လာတဲ့ နောက်၂ယောက်ကို ဒလမှာ ထပ်ဖမ်းမိခဲ့တယ်၊ ဒီ အမှုမှာ မြန်မာနိုင်ငံသား မဟုတ်သူတွေကို ပြည်ပကို ပို့ဖို့ ကြံစည်တဲ့ မိန်းမ နှစ်ယောက်ကိုလည်း ဖမ်းထားတယ်၊ အသေးစိတ်ကို သတင်းရဲတပ်ဖွဲ့က ကိုင်တွယ် စစ်ဆေးနေပါတယ်” ဟု ရန်ကုန်တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး ကြည်လွင်က ပြောကြားသည်။

ရန်ကုန်လေဆိပ်တွင် ဖမ်းမိခဲ့သူမှာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ရိုင်သေကျေးရွာတွင် နေထိုင်သူ အသက် ၂၀ အရွယ်ရှိ ဘင်္ဂလီလူမျိုး ဖူးဆွန်ဟား(ခ) ဟာလူးဟူဆောင်းဖြစ်ပြီး ၎င်းက မိုးနိုင်လင်း အမည်ဖြင့် နိုင်ငံကူး လက်မှတ်ကိုင်ဆောင်ကာ ပြည်ပထွက်ခွာရန် ပြင်ဆင်နေစဉ် ဖမ်းမိခဲ့ကြောင်း၊ ယင်းနောက် ဒလမြို့ နယ်၊ညောင်ကုန်းရပ်ကွက်၊မင်္ဂလာကန်လမ်းရှိ နေအိမ်တစ်လုံးတွင် ခိုအောင်းနေသော အသက် ၁၄ နှစ် နှင့် ၁၅ နှစ် အရွယ်ရှိ ဘင်္ဂလီယောက်ျားလေးနှစ်ဦးကို ဒီဇင်ဘာလ ၂၀ ရက် နံနက် ၂ နာရီခွဲက ထပ်မံဖမ်းမိခဲ့ကြောင်း ဒလမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ယင်းဘင်္ဂလီ သုံးဦးမှာ လွန်ခဲ့သည့် နှစ်လခန့်က ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ ခိုးဝင်ရောက်ရှိခဲ့ပြီး သာကေတမြို့နယ်၊ ၁/ထူပါရုံရပ်ကွက်၊ ထူပါရုံ အနောက် ၁၅ လမ်းရှိ ဒေါ်စန်းစန်းမြင့်(ခ)ဒီဒီမာ(ခ)ဆာလာမာဘီ ၏နေအိမ်တွင် နေထိုင်ကာ နိုင်ငံကူးလက်မှတ်ရရှိရန် TRAVEL & TOUR Co.,Ltd တစ်ခုမှ စာရင်းကိုင်ဖြစ်သော အသက် ၁၉ နှစ်အရွယ် မဝါဝါထွန်း(ခ) ရှာဘီလာက ဆောင်ရွက်ပေးခဲ့ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

“ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ နိုင်ငံကူးလက်မှတ် မရသေးတဲ့ ဘင်္ဂလီ နှစ်ဦးကို ဒလမှာ ရွှေ့ပြောင်းထားချိန် ပြည်ပ ထွက်ခွာမယ့် ဘင်္ဂလီ အမျိုးသားကို လေဆိပ်မှာ ဖမ်းမိခဲ့ရာက အမှုမှာ ပါဝင်ခဲ့သူတွေကို ဖမ်းနိုင်ခဲ့တာ ၊ ဘင်္ဂလီ လူမျိုး သုံးဦး အပါအဝင် ငါးယောက်ကို သာကေတရဲစခန်းမှာ စစ်ဆေးနေဆဲပါ ” ဟု သာကေတမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

ဘင်္ဂလီများ နေအိမ်အတွင်း သိုဝှက်ထားသူ အိမ်ရှင် ဒေါ်စန်းစန်းမြင့်(ခ)ဒီဒီမာ(ခ)ဆာလာမာဘီကို ပြစ်မှုပုဒ်မ ၃၆၅/၃၇၀ ဖြင့် အမှုဖွင့် စစ်ဆေးနေပြီး ဘင်္ဂါလီလူမျိုးများဖြစ်သော ဖူးဆွန်ဟား(ခ) ဟာလူးဟူဆောင်း အပါအဝင် သုံးဦးကို ၁၉၄၉ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ ၆(၂)။၆(၃) ဖြင့် တရားရုံးသို့ ဦးတိုက် လျှောက်ထား တင်ပို့မည်ဖြစ်ကြောင်း၊ ယင်းအပြင် နိုင်ငံကူးလက်မှတ်ရရှိစေရန် ဆောင်ရွက်ပေးသော မဝါဝါထွန်း(ခ) ရှာဘီလာကို ပြစ်မှုပုဒ်မ ၄၂၀/၄၀၆ တို့ဖြင့် အမှုဖွင့် အရေးယူရန် ဆောင်ရွက် နေကြောင်း ရန်ကုန် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်း သိရှိရသည်။

ယခုနှစ်အတွင်း ရန်ကုန်မြို့သို့ ခိုးဝင်ရောက်လာသည့် ဘင်္ဂါလီလူမျိုးများကို မှော်ဘီ၊ ဒဂုံတောင် နှင့် သုံးခွမြို့နယ် တို့တွင် အလုံးအရင်းဖြင့် ဖမ်းမိခဲ့ပြီးနောက် ဒီဇင်ဘာလဆန်းပိုင်းက အိမ်နီးချင်း နိုင်ငံများသို့ ရောက်ရှိနေသည့် အကြမ်းဖက် တိုက်ခိုက်ရေး အဖွဲ့ဝင်များ နယ်စပ်လမ်းကြောင်းမှ တစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိ နေကြောင်း သတင်းဂယက် ထွက်ပေါ်မှုကြောင့် ရန်ကုန်တိုင်း ဒေသကြီး၏ လုံခြုံရေးကို အထူးစီမံချက်ဖြင့် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment