Tuesday 22 December 2015

တပ်မတော်နှင့် ယုံကြည်မှုတိုးမြှင့်ရန် ဆန္ဒရှိ၊ ဒေသဖွံ့ဖြိုးရေးအတွက် အကူ အညီ ဆက်ပေးရန်မျှော်လင့်

ဝ' ဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ၀' ဒေသ ဖွံ့ဖြိုးရေးအတွက် ဆက်လက်အကူအညီပေးရန်လည်းမျှော်လင့်သည်ဟု ၀' အထူးဒေသ (၂) ဒုတိယဥက္ကဋ္ဌ ဦးရှောက်မင်လျံက ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့အား ပြောကြားခဲ့သည်။
ကျန်းမာရေး၊ ပညာရေး၊ လယ်ယာဆည်မြောင်းကဏ္ဍများ၌ အကူအညီဆက်ပေးရန်ဖြစ်သည်ဟု နိုင်ငံပိုင် သတင်းစာများက ဖော်ပြကြသည်။ ၀' ဒေသ မူးယစ်ဆေးဝါး 'လုံးဝ' ပပျောက်အောင်လည်း ကိုင်တွယ်သွားမည် ၀' ခေါင်းဆောင်က ပြောဆိုသည်။

၂၀၁၆ ခု ဇန်နဝါရီ ၁၂ ရက်တွင် စတင်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ရန်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးတွင် ပါဝင်နိုင်ရေး လမ်းဖွင့်ထားကြောင်း ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်တို့ ဒီဇင်ဘာ ၁၉ က ၀'ဒေသ ပန်ဆန်းမြို့သို့ သွားရောက်ဖိတ်ကြားခဲ့ကြစဉ် ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဝန်ကြီး ဦးလှထွန်း၊ ၀န်ကြီး ဦးခင်မောင်စိုး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့လည်း ပါဝင်ကြသည်။

ယင်းသို့ ဖိတ်ကြားမှုနှင့်ပတ်သက်၍ ၀' အထူးဒေသ (၂) ဒုတိယဥက္ကဋ္ဌ ဦးရှောက်မင်လျံ ကမူ ဖိတ်ကြားမှုကို ကျေးဇူးတင်ကြောင်း ပြောကြားပြီး ၀' ဒေသအနေဖြင့် ခွဲထွက်သည့်မူမျိုးကို ဆောင်ရွက်မည်မဟုတ်ဘဲ ငြိမ်းချမ်း ရေးလမ်းကို ဆက်လက်လျှောက်လှမ်းမည်" ဟု ပြန်လည်ပြောဆိုသည်ဟု သတင်းစာများက ဖော်ပြသည်။

ထို့ပြင် ၀' အဖွဲ့အစည်းအနေဖြင့် သမ္မတကြီး၏ ငြိမ်းချမ်းရေးဆိုင်ရာဆောင်ရွက်မှုများအပေါ် ထောက်ခံကြိုဆို ပြီး 'တပ်မတော်နှင့်လည်း ပူးပေါင်းဆောင်ရွက်ရန်နှင့် ယုံကြည်မှုတိုးမြှင့်ရန်' ဆန္ဒရှိသည်ဟု ဆိုသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် NCA ဖြစ်ပေါ်လာပြီးနောက် ဖွဲ့စည်းလိုက်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှ ဦးမြင့်စိုးနှင့် ဦးခင်ဇော်ဦး၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးတို့ပြင် တပ်မတော်အရာရှိကြီးများလည်း တက်ရောက်ကြသည်။

ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က ၀' အထူးဒေသ (၂) အနေဖြင့် ဒေသ၏ရေရှည်အကျိုးစီးပွားဖွံ့ဖြိုးရေးအတွက် ဆောင်ရွက် ထားရာတွင် ဥပဒေကြောင်းနှင့်အညီ ဆောင်ရွက်ပေးရန် လိုအပ်ပါက ကူညီပေးရန် ဆန္ဒရှိသည်ဟုလည်း ၀' ဒုတိယဥက္ကဋ္ဌ အား ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်းလုံးညီညွတ်ရေးကိစ္စများ ဆောင်ရွက်ရန် တိုင်းရင်းသားရေးရာဝန်ကြီးဌာနတစ်ခု ဖွဲ့စည်း၍ ဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်းပြောဆိုပြီး ငြိမ်းချမ်းမှသာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်မည်ဖြစ်၍ မကြာခင် ကျင်းပမည့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပါရန် ဖိတ်ခေါ်ခဲ့သည်။

ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ကလည်း တိုင်းရင်းသားများအကြားရှိ သံသယများ ပြေပျောက်စေရန် တွေ့ဆုံညှိနှိုင်းပြီး အမျိုးသားအားလုံး၏လိုအင်ဆန္ဒများ၊ သံသယများ၊ လိုအပ်ချက်များကို အဖြေရှာနိုင်ရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လမ်းဖွင့်ထားသည်ဟု ပြောဆိုသည်။

နိုင်ငံရေးဆွေးနွေးပွဲများအနေဖြင့် နယ်မြေဒေသအလိုက်ဆောင်ရွက်မည့် အမျိုးသားအဆင့်နှင့် တစ်နိုင်ငံလုံး အတိုင်းအတာ ဆောင်ရွက်မည့် ပြည်ထောင်စုအဆင့် ဟူ၍ ဆောင်ရွက်သွားမည်ဟုသိရသည်။

Mizzima

No comments:

Post a Comment