Thursday 31 December 2015

ရာမာဒီမြို့ထဲတွင် အိုင်အက်စ်တို့ ထားခဲ့သည့် မိုင်းထောင်ချောက်များကြောင့် အီရတ်စစ်တပ် အခက်ကြုံနေ

ရာမာဒီမြို့ထဲ ဝင်ရောက်လာသည့် အီရတ် တင့်ကားတစ်စီး
ရာမာဒီမြို့ကို အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများ လက်ထဲမှ ပြန်လည် သိမ်းယူနိုင်ခဲ့ပြီ ဖြစ်သော်လည်း ၎င်းတို့ ချန်ခဲ့သည့် မိုင်းထောင်ချောက်များက အီရတ် တပ်ဖွဲ့ဝင်များကို ကြီးကြီးမားမား အခက်အခဲများ တွေ့ကြုံနေစေကြောင်း သိရသည်။
ဘဂ္ဂဒက် မြို့တော်အနီးရှိ မဟာဗျူဟာအရ အချက်အခြာကျရာ ရာမာဒီမြို့သည် မေလအတွင်း အိုင်အက်စ်တို့လက်အောက် ကျရောက်ခဲ့သော်လည်း ယခုနှစ်ကုန်ပိုင်းတွင် အီရတ်တပ်များက ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော် အိုင်အက်စ်တို့သည် မြို့ထဲမှ မဆုတ်ခွာမီ လမ်းများနှင့် နေအိမ်များထဲတွင် ဖောက်ခွဲရေး ကိရိယာများ ကွယ်ဝှက် တပ်ဆင်ကာ မြို့သိမ်း အီရတ်တပ်များကို အနှောင့်အယှက် ပေးသွားခဲ့သည်။

ထို့အပြင် ရာမာဒီမြို့၏ အလယ်ပိုင်းနှင့် အရှေ့ဖက် ဆင်ခြေဖုံး ဒေသများတွင် အိုင်အက်စ် တပ်ဖွဲ့ဝင် ၇၀၀ ခန့် ပုန်းအောင်းနေဆဲဟုလည်း ယူဆရသည်။ အီရတ်တပ်များသည် မြို့လယ်သို့ တဖြည်းဖြည်း ချဉ်းကပ် ဝင်ရောက် လာခဲ့သော်လည်း အန်ဘာခရိုင်၏ မြို့တော် ဗဟိုချက်တွင် ဖောက်ခွဲရေး ပစ္စည်းများကို ရှာဖွေရှင်းလင်းရန် အချိန်ယူ လုပ်ဆောင်ရဦးမည် ဖြစ်သည်။

ရာမာဒီတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် ဘဂ္ဂဒက်နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် မြို့ခံ ထောင်ပေါင်းများစွာသည်လည်း မြို့ထဲ ပြန်လာရန် နှောင့်နှေးကြန့်ကြာနေဖွယ် ရှိသည်။

“အီရတ်ခြေလျင်တပ်တွေက ရာမာဒီကို ပြန်သိမ်းပြီးပေမယ့် ဒေ့ရှ် (အိုင်အက်စ်ကို ခေါ်ဝေါ်သည့် ဒေသတွင်းအမည်) တပ်သား ၄၀၀ လောက်က အရှေ့ဖက် ဖော်လူဂျာကို ထွက်သွားတယ်။ တခြား ၃၀၀ လောက် ကလည်း နေရာအနှံ့ ဖြန့်ပြီး ထွက်သွားတယ်။ ဒါပေမဲ့ သူတို့တွေက မြို့ထဲမှာ ပုန်းအောင်းပြီး အခြေအနေ စောင့်ကြည့်နေတာမျိုးလည်း ဖြစ်နိုင်တယ်”ဟု အီရတ်တပ်များကို လေကြောင်းပစ်ကူပေးခဲ့သည့် အမေရိကန် စစ်တပ်မှ ဗိုလ်ကြီး ချန့်စ်မက္ကရူးက ပြောကြားခဲ့သည်။

၎င်းက “ရာမာဒီ မြို့လယ်ထဲမှာ ထောင်ထားတဲ့ မိုင်းတွေ မရှင်းရသေးဘူး။ ဒီမိုင်းတွေက အကြမ်းဖက်မှု တိုက်ဖျက်ရေး အဖွဲ့တွေကို ခြိမ်းခြောက်နေပါတယ်။ ပြီးတော့ ဒီအခြေအနေကြောင့် မြို့ထဲကို အရပ်သားတွေ ပြန်ဝင်လာဖို့ မဖြစ်နိုင်သေးဘူးလို့ ကျွန်တော်တို့ ယူဆတယ်”ဟုလည်း ဆိုသည်။

အမေရိကန် ဦးဆောင်သည့် မဟာမိတ် လေတပ်သည် ရာမာဒီကို အိုင်အက်စ်တို့ သိမ်းပိုက်ထားပြီးနောက် ဇူလိုင်လမှစကာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၆၃၀ မျှ ပြုလုပ်ခဲ့သည်။ “ကနဦး စစ်ဆေးချက်တွေအရ မြို့ထဲက အိမ်ခြေ ၃၀၀၀ လောက်က လုံးဝ ပျက်စီးသွားတယ်”ဟု မြို့အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် တစ်ဦးဖြစ်သည့် အီဘရာဟင်မ် အယ်လ်အိုဆက်ဂ်ျက ပြောကြားခဲ့သည်။ မိုင်းများ မရှင်းရသေးသည့် အစိတ်အပိုင်းများကို စစ်ဆေးပြီးပါက အပျက်အစီး ပမာဏ ပိုမို မြင့်တက်လာနိုင်ကြောင်းလည်း ၎င်းက မှတ်ချက်ပေးခဲ့သည်။

“တစိတ်တပိုင်း ပျက်စီးနေတဲ့နေအိမ် အဆောက်အအုံတွေ ထောင်နဲ့ချီ ရှိသေးတယ်။ မြို့ထဲမှာ သောက်ရေ၊ လျှပ်စစ်မီးနဲ့ မိလ္လာစနစ်တွေ အကုန် ပျက်စီးနေပြီ။ ကျောင်းတွေ၊ ဆေးရုံတွေ၊ အစိုးရရုံးတွေလည်း ထိခိုက်ထားတယ်”ဟု အယ်လ်အိုဆက်ဂ်ျက ပြောဆိုသွားသည်။

ထို့အပြင် ယူဖရေးတီးစ်မြစ်ကမ်းပေါ် တည်ရှိသည့် မြို့၏ အဓိက တံတားကြီး ငါးစင်းသည်လည်း ထိခိုက်ပျက်စီးမှုများ ရှိနေကြောင်း သိရှိရသည်။

Ref: Daily Mail
7Day Daily

No comments:

Post a Comment