Thursday 31 December 2015

ဟိုတယ်ဝန်ဆောင်မှုအတွက် မကာအိုက မြန်မာလုပ်သားစမ်းသပ်ခေါ်ယူမှုများလာ

မကာအိုမြို့တွင်း လူစည်ကားရာဝန်းကျင်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - fashionavecpassion.com)
ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းအတွက် မကာအိုက မြန်မာလုပ်သားများစမ်းသပ်ခေါ်ယူမှုမြင့် တက်လာကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးဝန်ဆောင်မှုလုပ်ငန်းများမှ သိရသည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနခွင့်ပြုချက်ဖြင့် လုပ်သားစေလွှတ်မှုကို စမ်းသပ်ခွင့်ပြုပေးနေပြီး စမ်းသပ်ကာလအတွင်း လုပ်သားခေါ်ယူမှုမြင့်တက်လာခြင်းဖြစ်သည်ဟု အဆိုပါလုပ်ငန်းများက ဆိုသည်။
‘‘အဓိကခေါ်နေတာ ကာစီနိုလို၊ ဟိုတယ်လုပ်ငန်းပိုင်းတွေအတွက် ခေါ်ယူမှုအများဆုံးပြုလုပ်နေတာပါ။ အရည်အချင်းအနေနဲ့ တရုတ်နဲ့ အင်္ဂလိပ်စကားပြောနဲ့ ကျွမ်းကျင်မှုလိုအပ်ချက်တွေတော့ရှိတယ်’’ဟု ဟိန်းသစ္စာပြည်ပအလုပ်အကိုင်ရှာဖွေရေး
ဝန်ဆောင်မှု လုပ်ငန်းမန်နေဂျင်းဒါရိုက်တာ ဦးကျော်မင်းဦးက ပြောကြားသည်။

လုပ်သားစတင်ခေါ်ယူသည့် အချိန်ကထက် ၃၀ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့သော်လည်း ခေါ်ယူသလောက်
စေလွှတ်ပေးနိုင်ခြင်း မရှိသေးကြောင်း ပြည်ပအလုပ်အကိုင်ဈေးကွက်ရှာဖွေရေးတာဝန်ခံတစ်ဦးက ဆိုသည်။
ယင်းနိုင်ငံတွင် လုပ်အားခမှာ တစ်လလျှင် ဒေါ်လာ ၁,၅၀၀ အထက် ရှိသောကြောင့် အရှေ့တောင်အာရှနိုင်ငံများထက် လစာပိုကောင်း၍ အနာဂတ်၌ လုပ်သားများစိတ်ဝင်စားမှုရှိလာနိုင်သည်ဟု ၎င်းတို့က သုံးသပ်သည်။
ယခုအခါ စမ်းသပ်ဆဲဖြစ်သည့်အတွက် တစ်လလျှင် လုပ်သားဦးရေဆယ်ဂဏန်းခန့်သာစေလွှတ်နိုင်သေးသည့် အနေအထားတွင်ရှိကြောင်း သိရသည်။
ဝန်ကြီးဌာနသည် အဆိုပါနိုင်ငံအပါအဝင် ယူအေအီးသို့လည်း လုပ်သားတင်ပို့ခွင့်ကို စမ်းသပ်ခွင့်ပြုပေးထားပြီး ထပ်မံ၍ ဟောင်ကောင်သို့ တင်ပို့ခွင့်ပေးရန် ပြင်ဆင်နေကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
မြန်မာလုပ်သားစေလွှတ်ခွင့်ကို ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကိုရီးယား၊ ဂျပန်နိုင်ငံတို့အား တရားဝင်ခွင့်ပြုထားကာ အခြားနိုင်ငံများသို့ စေလွှတ်ခွင့်အတွက် လုပ်သားအခွင့်အရေး၊ လုပ်ငန်းအမျိုးအစားနှင့်လုပ်ခလစာရရှိမှုအပေါ် လေ့လာ၍ ခိုင်မာမှုရှိမှသာ တရားဝင်ခွင့်ပြုပေးရန်ရှိကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှအရာရှိတစ်ဦးက ပြောသည်။

7Day Daily

No comments:

Post a Comment