Wednesday 25 November 2015

ရာသီဥတုပြောင်းလဲမှု အန္တရာယ်များနှင့် ဖြေရှင်းရမည့် ပြဿနာများ

တရုတ်နိုင်ငံ၊ ရှန်ဒေါင်းပြည်နယ်၊ ဒီဇူးမြို့၏ မြူဆိုင်းသောနေ့တစ်နေ့တွင် မီးခိုခေါင်းတိုင်များမှ မီးခိုးများ ထွက်နေသည်ကို တွေ့ရစဉ်။ FILE/reuters
ကမ္ဘာကြီးပူနွေးလာမှုကို ထိန်းချုပ်ရန် ပျက်ကွက်ခဲ့ပါက လူသားမျိုးနွယ်တစ်ရပ်လုံး ကြီးမားသော ဒုက္ခသည် ပြဿနာ၊   ရေနစ်မြုပ်မည့် မြို့ကြီးများနှင့် အပူလှိုင်းများ ကျရောက်ခြင်း၊ မိုးခေါင်ရေရှားမှုစသော အန္တရာယ် များကို ကိုင်တွယ် သွားရလိမ့်မည်ဟု သိပ္ပံပညာရှင်များက သတိပေးထားသည်။

နိုဝင်ဘာ ၃၀ ရက်မှစတင်၍ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၅ နိုင်ငံမှ ကိုယ်စားလှယ်များသည် ပြင်သစ်နိုင်ငံ ပါရီမြို့၌  စုဝေးကြကာ ရာသီဥတု ပြောင်းလဲမှုကို ဖြစ်ပေါ်စေသော ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေး သဘောတူ ညီချက် တစ်ရပ်ရရှိရန် ကြိုးစားကြမည် ဖြစ်သည်။

ယင်းအတွက် ရာသီဥတု ပြောင်းလဲမှုကြောင့် ကြုံတွေ့ရနိုင်သော ဒုက္ခသုက္ခများနှင့် ပါရီထိပ်သီး ဆွေး နွေးပွဲတွင် ဖြေရှင်းရမည့် ပြဿနာများကို ဖော်ပြ လိုက်ပါသည်။

ယခုလက်ရှိထက် ပိုမို၍ အရေးယူ ကိုင်တွယ်ခြင်း မရှိပါက ကမ္ဘာမြေကြီး၏ အပူချိန်မှာ ယခု ရာစုကုန်ဆုံး ချိန်တွင် အပူချိန် လေးဒီဂရီဆဲလ်စီးယက်စ်ထိ ပူပြင်းလာမည်ဖြစ်သည်။ စက်မှုမတိုင်မီ ခေတ်ကထက် ထိုမျှအပူချိန်မြင့် တက်ခြင်းမှာ သဘာဝဘေးအန္တရာယ် အမြောက်အမြား ဖြစ်ပေါ်ရေး ဖော်မြူလာပင်ဖြစ်သည်ဟု သိပ္ပံပညာအထောက်အထားများက ပြသပြီးဖြစ်သည်။

ကာဗွန်ထုတ်လွှတ်မှုများကို လက်ရှိအတိုင်း ဆက်ထားပါက အလွန်ကျယ်ပြန့် ပြင်းထန်ပြီး ပြန်ပြင်၍ မရ သော ထိခိုက်မှုများဆီသို့ ဦးတည်သွားလိမ့်မည်ဟု ကုလသမဂ္ဂ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရ အဆင့် အဖွဲ့(IPCC)က သတိပေးထားသည်။

၂၀၁၀ ပြည့်နှစ်ရောက်လျှင်  ကမ္ဘာ့ပင်လယ် သမုဒ္ဒရာများ၏ ရေမျက်နှာပြင်သည် ၁၉၈၆-၂၀၀၅ကာလ များထက် ၁၀ ပေမှ ၃၂ ပေအထိ မြင့်တက် လာနိုင်ကြောင်း IPCC က တွက်ချက် ထားသည်။ အဓိက အကြောင်းရင်း များမှာ မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်းမှ ရေခဲများ ပဲ့ကျအရည်ပျော်ခြင်း၊ ရေခဲမြစ် များ အရည်ပျော်ခြင်းနှင့် ပူနွေးလာသဖြင့် ပြန့်ကားလာသော ပင်လယ်ပြင်များကြောင့် ဖြစ်သည်။

ကုလသမဂ္ဂက ကန့်သတ်ရန် ရည်မှန်းချက် ထားနေသော ၂ ဒီဂရီ ဆဲလ်စီးယက်အပူချိန်သို့ ရောက်ရှိ လျှင်ပင် လောလောဆယ်တွင် လူပေါင်းသန်း ၂၈၀ နေထိုင်သော ဒေသများ ရေအောက်ရောက် သွားမည် ဖြစ်သည်။

 ကမ္ဘာကြီး ပူနွေးလာမှုကြောင့် စူပါမုန်တိုင်းများ၊ အရိုးကွဲ မတတ်အေးခဲမှုများ၊ အပူလှိုင်းကျ ရောက်ခြင်းများ  ပိုမိုများပြား၊ ပိုမို ပြင်းထန် လာမည်ဖြစ်သည်။

ထူးထူးခြားခြား ရာသီဥတု ဖြစ်စဉ်များနှင့် ရာသီဥတု ပြောင်းလဲမှုကြား ချိတ်ဆက်မှုကို တိတိ ကျကျဖော် ထုတ်ရန် ခက်ခဲသော်လည်း မကြာသေးမီက သုတေသ နများအရ ရာသီဥတုပြောင်းလဲမှုကြောင့် ရေကြီး ရေလျှံ မှုများ၊ နှင်း မုန်တိုင်းများ၊ တိုင်ဖွန်းများ၊ အပူလှိုင်းများ ပိုမိုအစွန်းရောက်လာ သည်ကို ဖော်ထုတ် နိုင်ခဲ့သည်။ ဟာရီကိန်းနှင့် အပူလှိုင်းကျရောက်မှု အားလုံးကိုမူ ရာသီဥတုပြောင်း လဲမှုနှင့် ချိတ်ဆက်မပြ နိုင်ဟု သိပံ္ပ ပညာရှင်များက သတိပေးသည်။

 ကမ္ဘာကြီးပူနွေးလာမှုကြောင့် အချိန်ကြာမြင့်သော မိုးခေါင်ရေရှားမှုများနှင့် ပျက်စီးမှု ကြီးကျယ်သော ရေ လွှမ်းမိုးမှုများ ဆီသို့ ဦးတည်နိုင်သည်။ အဓိပ္ပာယ်မှာ ကမ္ဘာ့နေရာအချို့တွင် ရေရရှိမှု မလုံလောက် သော်လည်း နေရာ အချို့တွင် ရေကြီးရေလျှံနေမည့် သဘောဖြစ်သည်။

ဆီးရီးယားနှင့် ကယ်လီဖိုးနီး ယား မိုးခေါင်ရေရှားမှုများမှာ ရာသီဥတုပြောင်းလဲမှုနှင့် ဆက်စပ် သည်။ မိုးသည်းထန်စွာ ရွာသွန်းမှု များမှ နေ၍ သီးနှံများ ပျက်စီး၊ နေ အိမ်များ ပျက်စီးကာ လူများ အသက်လု ပြေးရမည့် ရေလွှမ်းမိုးမှု များ ဖြစ်နိုင်ပါသည်။

ကမ္ဘာကြီးပူနွေးမှုမှ တစ်ဆင့် သီးနှံနှင့် တိရစ္ဆာန်များ သေကျေပျက်စီး၊ ရောဂါဘယ ထူပြောစေကာ လူသန်း ပေါင်းများစွာအား ဆင်းရဲတွင်းထဲ တွန်းပို့နိုင်သည်။ ရေရရှိရေးအတွက် ပဋိပက္ခများနှင့် သီးနှံထွက်ရှိမှု နည်းပါးခြင်းမှ နေ၍စစ်ပွဲများ ဖြစ်နိုင်ပြီး လူအစုလိုက် အပြုံလိုက် ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းမှုများ ဖြစ်နိုင်သည်။

အိန္ဒိယသမုဒ္ဒရာရှိ မော်လဒိုက်ကျွန်းစုနှင့် ဖိလစ်ပိုင်ကဲ့သို့ မြေနိမ့်ကျွန်းများတွင် နေထိုင်သော သူများမှာ ရာသီဥတုဒုက္ခသည်များ ဖြစ်လာကာ မြင့်တက်လာသော ပင်လယ်ရေမျက်နှာပြင်ကြောင့် နေအိမ်များကို စွန့်ခွာထွက်ပြေး ကြရမည်ဖြစ်သည်။

ကမ္ဘာကြီးပူနွေးမှုကို ဖြစ်စေသော ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှုများအား ထိန်းချုပ်ရမည်ဆိုသည်ကို ကမ္ဘာ့နိုင်ငံများ အားလုံးက သဘောတူကြပါ သည်။ သို့သော် မည်မျှထိန်းချုပ် မည်နည်း။

ကုလသမဂ္ဂ၏ ထောက်ခံ အကြံပြုချက်မှာ ကမ္ဘာ့ပူနွေးမှုကို စက်မှု မတိုင်မီခေတ်ကထက် ၂ ဒီဂရီဆဲလ်စီးယက်စ် မကျော်လွန်ရေး ဖြစ်သည်။ အချိန်ကိုက်ဖြစ်ရေးမှာ လည်း အရေးကြီးသည်။ ကမ္ဘာ့ အပူချိန်ကို ၂ ဒီဂရီဆဲလ်စီးယက်စ် တွင် ထိန်းထားနိုင်ရေး ၅၀/၅၀ အခွင့်အရေးရရန် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုမှာ ၂၀၂၅ ခုနှစ်တွင် အမြင့်ဆုံးအမှတ် သို့ ရောက်ရှိပြီး တဖြည်းဖြည်းပြန်လည် ကျဆင်းလာရမည်ဟု သိပ္ပံ ပညာရှင်များက ဆိုသည်။

 ၁၉၉၂ က UNFCCC ပဋိ ညာဉ်တွင် သမိုင်းကြောင်းအရ ကမ္ဘာ့ပူနွေးမှုအပေါ် တာဝန်ရှိသော ချမ်းသာ သော နိုင်ငံများက ပိုမိုလုပ်ဆောင် ရမည် ဟူသော အခြေခံမူကို ချမှတ်ခဲ့ပြီး ၁၉၉၇ ကျို တို သဘော တူညီချက်၌ ပြဋ္ဌာန်း ခဲ့သည်။ ၂၀၀၅ မှစ၍ စက်မှုဖွံ့ဖြိုး ပြီး နိုင်ငံများအပေါ် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး ပစ်မှတ်များ ထားရှိခဲ့သည်။ သို့သော်ထိုစဉ်က ကမ္ဘာ့ကာဗွန်ထုတ်လွှတ်မှု အများဆုံး အမေရိကန်နိုင်ငံက သဘောတူညီချက်ကို အတည်မပြုခဲ့ပေ။

(၂၅) နှစ်အတွင်း ယင်းအဆင့်ဆင့် တာဝန်ရှိမှု အခြေခံမှုမှာ ပြောင်းလဲသွားခဲ့သည်။ စီးပွားရေး အလျင်အမြန်တိုးတက်လာသော  တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှာ ကမ္ဘာ့နံပါတ် (၁) နှင့် နံပါတ် (၃) ကာဗွန် ထုတ်လွှတ်မှုများ ဖြစ်လာခဲ့သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ ကလည်း စီးပွားရေးတိုးတက်မှု လှေကားပေါ် တက်လှမ်းလာခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် ဥရောပသမဂ္ဂနှင့် အမေရိကန်တို့က တစ်ဦးချင်း ကာဗွန် ထုတ်လွှတ်မှု လျှော့ချခဲ့သည်။

တစ်ဖက်တွင် လေထုညစ်ညမ်းမှုကို အချိန်ကြာမြင့်စွာ ဖြစ်ပေါ်စေခဲ့သော စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများ အနေဖြင့် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး ပိုမိုလုပ်ဆောင်ရမည်ဟု ဖွံ့ဖြိုးဆဲနိုင်ငံများက အခိုင်အမာ ပြောကြားကြသည်။

ဖွံ့ဖြိုးပြီး နိုင်ငံများကမူ အားလုံးပါဝင်ရမည်ဟု အခိုင်အမာဆိုသည်။

ယင်းသို့ ကြီးမားစွာ အချေအတင်ဖြစ်နေသော ကိစ္စမှာ သဘောတူညီချက်၏ အစိတ်အပိုင်းအားလုံးနှင့် ပတ်သက်နေသည်။ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး ပစ်မှတ်များ ချမှတ်ရေးမှသည် ပြန် လှန်သုံးသပ်မှုစနစ်၊ ရာသီဥတု ဆိုင်ရာ အကူအညီများ စီးဆင်းမှုအထိ ပါဝင်သည်။

၂၀၀၉ က ကိုပင်ဟေဂင်မြို့တွင် ကျင်းပသော ကုလသမဂ္ဂ ရာသီဥတုကွန်ဖရင့်မှ ထွက်ပေါ်လာခဲ့သည့် ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခုမှာ ၂၀၂၀ ပြည့်နှစ်မှ စ၍ ချမ်းသာသော နိုင်ငံများက ဆင်းရဲသော နိုင်ငံများအတွက် နှစ် စဉ်ကန်ဒေါ်လာ ၁၀၀ ဘီလီယံ ကူညီပေးရေး ကတိက၀တ်ဖြစ်သည်။ယင်းငွေကြေးကို အသုံးပြု၍ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး အတွက် အခြေခံအဆောက်အအုံ ထူထောင်ရန်နှင့် နည်းပညဖွံ့ဖြိုးတိုးတက်ရေး ကူညီရန် ဖြစ်သည်။ ထို့အပြင် သဲကန္တာရများ ကျယ်ပြန့်လာခြင်းနှင့် ပင်လယ်ရေမျက်နှာ ပြင်မြင့်တက် လာခြင်းကဲ့သို့ ရှောင်လွှဲမရသော သက်ရောက်မှုများ နှင့် လိုက်လျောညီထွေပြောင်းလဲမှုတွင် အသုံးပြုရန်ဖြစ်သည်။ ယင်းငွေကြေးများ မည်သည့်နေရာက လာမည် ဆိုခြင်းနှင့် မည်သို့ခွဲဝေသွားမည် ဆိုခြင်းကို ဆက်လက်တွက်ချက် လုပ်ကိုင်ရဦးမည်ဖြစ်သည်။ မကြာသေးမီက ဖွံ့ဖြိုးမှုအနည်းဆုံးနှင့် ကျွန်းငယ်ဖွံ့ဖြိုးဆဲ နိုင်ငံများက ရာသီဥတုဆိုင်ရာ ပျက်စီးဆုံးရှုံးမှု အတွက် ထပ်မံပေးချေမှု ကို အလိုရှိကြသည်။

ချမ်းသာသော နိုင်ငံကြီးများ က ယင်းသို့ လျော်ကြေးပေးရမည် ဆိုခြင်းကို မနှစ်သက်ကြပေ။

အဆိုပြုထားသော အားလုံး ပါဝင်သည့် ပါရီ သဘောတူညီချက်မှာ နိုင်ငံများက မိမိဆန္ဒအလျောက် ကာဗွန်လျှော့ချရေး ကတိက၀တ်များ ချမှတ်ရေးကို ကျောရိုးပြုထား သည်။ ကမ္ဘာ့ကာဗွန်ထုတ်လွှတ်မှု ထက်ဝက်ကျော် အတွက် တာဝန်ရှိသော တရုတ်၊ အမေရိကန်နိုင်ငံ နှင့် ဥရောပသမဂ္ဂတို့က အခြား နိုင်ငံပေါင်း ၁၅၀ ကျော်နှင့်အတူ ကတိက၀တ်များ ထုတ်ပြန်ကြေ ညာပြီး ဖြစ်သည်။

သို့သော် တစ်ကမ္ဘာလုံး ကတိက၀တ် စုစုပေါင်းမှာ ၂ ဒီဂရီဆဲလ် စီးယက်စ် ရည်မှန်းချက်ကို ပြည့်မီမည် မဟုတ်ဟု သိပ္ပံပညာရှင်များ က ပြောကြားကြသည်။ ယင်းအ တွက် အမျိုးသားကာဗွန်ထိန်းချုပ်ရေး ကြိုးပမ်းမှုနှင့် ဘဏ္ဍာရေး ကတိက၀တ်များကို တဖြည်းဖြည်း အရှိန်ယူမြှင့်တင် သွားရေး အချို့ နိုင်ငံများက အဆိုပြုတင်ပြကြသည်။

သို့သော်နိုင်ငံများ အရေးယူ ကိုင်တွယ်မှုများကို မည်သည့်အချိန်တွင် ပထမဆုံး ပြန်လည်သုံးသပ်မည်နည်း ဆိုသည့်အပေါ် သဘောထားကွဲလွဲမှုများ ရှိနေသည်။ ထို့အတူပင် မည်သည့် နှစ်အပိုင်းအခြားတွင် ထပ်မံ စစ်ဆေးမည်။ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး ကို အလိုအလျောက်မြှင့်တင်ရေးမှာ လိုက်နာရမည့် တာဝန်တစ်ရပ် ဖြစ်သင့်သလား ဆိုသည်မှာလည်း သဘောတူညီမှု မရရှိသေးသော အကြောင်းအရာများ ဖြစ်သည်။

 —Ref:AFP
7Day Daily 

No comments:

Post a Comment