Wednesday 25 November 2015

ကျန်ရှိနေခဲ့သည့် မဲရုံခြောက်ရုံမှ မဲရလဒ်များ ထည့်ပေါင်းခဲ့ပြီးနောက် ရှမ်းပြည်နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ်အမှတ် (၅)တွင် တအာင်း (ပလောင်) အမျိုးသားပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးညီစိန် အနိုင်ရ

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၅ ) တွင် ထည့်ပေါင်းရန် ကျန်ရှိနေခဲ့သည့် ကျေးရွာသုံးစုမှ မဲရုံခြောက်ရုံ၏ မဲရလဒ်များကို ထည့်ပေါင်း ရေတွက် ခဲ့ပြီးနောက် တအာင်း(ပလောင်) အမျိုးသားပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးညီစိန်က ပြည်ခိုင်ဖြိုး ပါတီ ကိုယ်စားလှယ်လောင်းကို ၁၉၉ မဲအသာဖြင့် အနိုင်ရရှိသွားခဲ့ကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ် (၅) မူဆယ်ခရိုင် မဲဆန္ဒနယ်တွင် ပါဝင်သည့် ကွတ်ခိုင်၊ မူဆယ်၊ နမ့် ခမ်းမြို့နယ်များအနက် နမ့်ခမ်းမြို့နယ် ကျေးရွာအုပ်စု သုံးစုမှ မဲရုံခြောက်ရုံအား ထည့်ပေါင်းရန် ကျန်ရှိခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အနိုင်ရ ကိုယ်စားလှယ် လောင်း အဖြစ် ပြည်ခိုင်ဖြိုးပါတီမှ ဦးစိုင်းဆာလူအား  ကြေညာခဲ့ခြင်း ဖြစ်သည်။

ယင်းအတွက် တအာင်း (ပလောင်) အမျိုးသားပါတီမှ ဦးညီစိန်က မြို့နယ်၊ ခရိုင် ကော်မရှင်များသို့ အဆင့် ဆင့် ကန့်ကွက်ခဲ့ ပြီးနောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကျန်ရှိခဲ့သည့်မဲရုံများမှ မဲများကို ထပ်ပေါင်းရေတွက်ရန် ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ကျန်ရှိခဲ့သည့်မဲရုံများမှ မဲများကို ထည့်ပေါင်း ရေတွက်ရာတွင် ဦးညီစိန် အနိုင်ရရှိသဖြင့် နိုဝင်ဘာ ၂၃ ရက်က တရားဝင် စာထုတ်၍ အတည်ပြု ပေးခဲ့ ကြောင်း ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးပွင့်က ပြောကြားသည်။

“ဟုတ်ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုလို့ ကျွန်တော်တို့ ကျန်နေခဲ့တဲ့ မဲရုံ ခြောက်ရုံ က မဲရလဒ်တွေကို ထပ်ပေါင်းလိုက်တော့ တအာင်းပလောင်က ဦးညီစိန်က ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်းကို အသာရပြီး နိုင်သွားတာပါ။ မဲတော့ မပြတ်ပါဘူး။ နည်းနည်းပဲ သာသွားတာပါ။ ဒါကိုလည်း ကျွန်တော်တို့ နိုဝင်ဘာ ၂၃ ရက်က တရားဝင် စာထုတ်ပြီး ကြေညာပြီးသွားပါပြီ”ဟု ရှမ်းပြည် နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးပွင့်က ပြောကြားသည်။

ကျန်ရှိနေခဲ့သည့် မဲရုံခြောက်ရုံမှ မဲရလဒ်များ ထည့်ပေါင်းခဲ့ပြီးနောက် ၁၉၉ မဲအသာဖြင့် အနိုင်ရရှိခဲ့ကြောင်း အနိုင်ရ တအာင်း (ပလောင်) အမျိုးသားပါတီ ကိုယ်စားလှယ်လောင်း ဦးညီစိန်က ပြောကြားသည်။

“ဟုတ်ကဲ့။ မနေ့ကပဲသိခဲ့တာပါ။ ကျွန်တော်က၁၉၉ မဲအသာနဲ့ အနိုင်ရတယ် ဆိုတာကိုပါ။ တရားဝင် စာထုတ်ထားတာကိုတော့ ကျွန်တော်က နေပြည်တော်ရောက်နေတော့ မကြည့်ရသေးပါဘူး။ ဒီကိစ္စက ကျွန်တော်လည်း တော်တော်ကန့်ကွက်လိုက်ရတာပါ။ မြို့နယ်၊ ခရိုင်၊ ပြည်နယ် အဆင့်ဆင့်ကို ကန့်ကွက် ပြီးမှ ရလဒ်အမှန် ရတာပါ”ဟု ဦးညီစိန်က ပြောကြားသည်။

ထို့ကြောင့် ပြည်ခိုင်ဖြိုးပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် မူလကြေညာမှုအ ရ ပြည်သူ့လွှတ်တော် ၃၀ နေရာ၊ အမျိုးသား လွှတ်တော် ၁၂ နေရာနှင့် တိုင်း/ပြည်နယ် လွှတ်တော် ၇၆ နေရာ အနိုင်ရရှိထားရာမှ အမျိုးသား လွှတ်တော်တွင် တစ်နေရာ လျော့သွားခဲ့ခြင်း ဖြစ်သည်။ တအာင်း (ပလောင်)အမျိုးသားပါတီ ကမူ ပြည်သူ့လွှတ်တော် သုံးနေရာ၊ အမျိုးသားလွှတ်တော် နှစ်နေရာနှင့် ပြည်နယ်လွှတ်တော် ခုနစ်နေရာ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက  ပြည်သူ့ လွှတ်တော် ၂၅၅ နေရာ၊ အမျိုးသားလွှတ်တော် ၁၃၅ နေရာနှင့် တိုင်း/ပြည်နယ်လွှတ်တော် ၄၉၆ နေရာအထိ  အနိုင်ရရှိခဲ့သည်။

Writer: ငြိမ်းကို 
Eleven Media Group​ 

No comments:

Post a Comment