Wednesday 25 November 2015

ဒေါ်အောင်ဆန်းစုကြည်ဆွေးနွေးသည့်အပေါ် အခြေခံ၍ ပြန်လည်ဆွေးနွေး ရန် ပြင်ဆင်ထားဟု တပ်ချုပ်ပြောကြား

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံမှုပါက သူမဘက်က ဆွေးနွေးသည့်အပေါ်တွင်သာ ပြန်လည် ဆွေးနွေး ရန် ပြင်ဆင်ထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၀ါရှင်တန် ပို့စ် သတင်းစာအား ဖြေကြားခဲ့သည်။
ရွေးကောက်ပွဲအနိုင်ရပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲရလဒ်ကို တည်ငြိမ် အေးချမ်းစွာ အကောင်အထည်ဖော်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စအတွက် တွေ့ဆုံ ဆွေးနွေးရန် တောင်းဆိုမှုကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လာမည့် ဒီဇင်ဘာအတွင်း တွေ့ဆုံနိုင်ဖွယ်ရှိ ကြောင်း ဖြေကြားခဲ့သည်။

အမေရိကန်နိုင်ငံအခြေစိုက် ၀ါရှင်တန်ပို့စ်သတင်းစာနှင့် နိုဝင်ဘာ ၂၁ ရက်က တွေ့ဆုံခဲ့ရာတွင် အထက်ပါ အတိုင်း ထည့်သွင်းပြောကြားခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တရားဝင် ဖေ့စ်ဘွတ်ခ် စာမျက်နှာ၌ ဖော်ပြထားသည်။

‘‘ကျွန်တော်ကတော့သူဘာ ဆွေးနွေးမလဲဆိုတာမသိပါဘူး။ သူဆွေးနွေးတဲ့အပေါ်မူတည်ပြီး ကျွန်တော့် ဘက်ကတော့ အကောင်းဆုံးဖြစ်အောင်ပြန်ပြီးတော့ ဆွေးနွေးဖို့ ကြံရွယ်ထားပါတယ်။ သူကြိုက်တာ ဆွေးနွေးလို့ ရတယ်။ ကျွန်တော်လည်း ဆွေးနွေးနိုင်သမျှ ပြန်ဆွေးနွေးမှာပဲ။ ကျွန်တော့်မှာ ဖြေဖို့အတွက်၊ အကုန်လုံးရှင်းပြနိုင်ဖို့အတွက်၊ ကျွန်တော့်ရဲ့အမြင်တွေ ပြောပြဖို့အတွက် ကျွန်တော့်မှာအဆင်သင့်ရှိတယ်။ ရှင်းပြဖို့ထက် ဆွေးနွေးဖို့ပေါ့’’ ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

လာမည့်အစိုးရသစ်လက်ထက်တွင် ဥပဒေနှင့်အညီ သတ်မှတ်ထားသော ဘောင်အတွင်းမှ ဆောင်ရွက်မည် ဖြစ်ကာ တိုင်းပြည်အတွက်အကျိုးရှိမည့်ကိစ္စများ၌ ညှိနှိုင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်းဆိုသည်။

‘‘ရွေးကောက်ခံ ကိုယ်စားလှယ်အများစုရတဲ့ပါတီဟာ တိုင်းရင်းသားပြည်သူလူထုအများစုရဲ့ ထောက်ခံမှုကို ရတဲ့ပါတီပဲ။ အဲဒီလိုပါတီနဲ့ တပ်မတော်ကပူးပေါင်းဆောင်ရွက်မယ်ဆိုရင် တပ်မတော်က အလိုအလျောက် တိုင်းရင်းသားပြည်သူလူထု အများစုကိုယ်စားပြုတဲ့သဘောကို ရပ်တဲ့သဘောသက်ရောက်တယ်။ တပ်မတော်က ရွေးကောက်ပွဲမှာ အများစုနိုင်တဲ့ ပါတီဘက်ကနေ ပြည်သူလူထုကို မျက်နှာမူပြီးတော့ ရဲရဲ ၀ံ့ဝံ့ရပ်သင့်တယ်လို့ မြင်တယ်။ ဒီလိုရပ်လို့ ဘာမှ စိုးရိမ်စရာမရှိဘူး’’ဟု မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဆောင်းပါးရှင် ဒေါက်တာ ရန်မျိုးသိမ်းက သုံးသပ်သည်။

တွေ့ဆုံဆွေးနွေးရေးကိစ္စအတွက် ဒေါ်အောင်ဆန်းစုကြည်က သမ္မတ၊ လွှတ်တော်နာယက၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ထံ တောင်းဆိုထားကာ လွှတ်တော်နာယကက လက်ခံတွေ့ဆုံခဲ့ပြီး သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ က ရွေးကောက်ပွဲကော်မရှင်လုပ်ငန်းစဉ်များ ပြီးဆုံးချိန်၌ လက်ခံ တွေ့ဆုံမည် ဖြစ်ကြောင်း အသီးသီးအကြောင်းပြန်ထားသည်။

7Day Daily 

No comments:

Post a Comment