Wednesday 25 November 2015

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ၀ါရှင်တန်ပို့စ်သတင်းစာမှ Elizabeth Weymouth တို့၏ အင်တာဗျူး မေး/ဖြေ

မေး - အာဏာလွှဲပြောင်းပေးရေး ဆွေးနွေးဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘယ်အချိန် တွေ့မှာပါလဲ။
ဖြေ - ဒီဇင်ဘာလထဲမှာပါ။ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ပြီးဆုံးတဲ့အခါ ကျွန်တော်တို့ တွေ့ဆုံမှာပါ။

မေး - ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်ရပြီးနောက် သမ္မတဖြစ်ခွင့် ရဖို့အတွက် အခြေခံဥပဒေပုဒ်မ ၅၉(စ)ကို ပြင်ဆင်ဖို့ ဆန္ဒရှိပါသလား။
ဖြေ - ဒါက ကျွန်တော်တစ်ဦးတည်း ဆုံးဖြတ်လို့ မရပါဘူး။ အခြေခံဥပဒေ ပြင်ဆင်မှုဆိုင်ရာ ကိစ္စအားလုံးကို ပုဒ်မ ၁၂ အရ လွှတ်တော်မှာ ဆွေးနွေးဆောင်ရွက်ရမှာပါ။ ကျွန်တော်က ဒီအတွက် တိုက်ရိုက် တာဝန်မရှိ ပါဘူး။

မေး - ဒါပေမဲ့ ကာကွယ်ရေးဦးစီးချုပ် အနေနဲ့ ပြင်ဆင်လိုပါသလား။ လွှတ်တော်အမတ် ၂၅% ကို စစ်တပ် က ရယူထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲမှာ ကြီးကြီးမားမား အနိုင်ရခဲ့တဲ့အတွက် သမ္မတဖြစ်ခွင့် ရှိတယ်လို့ ယူဆပါသလား။
ဖြေ - ကျွန်တော်တို့ဥပဒေတွေက တစ်ဦးတစ်ယောက်အတွက် ပြဋ္ဌာန်းထားတာ မဟုတ်ပါဘူး။ ပြောင်းလဲ မယ် ဆိုရင် လုပ်ငန်းစဉ်အတိုင်း လုပ်ရပါမယ်။

မေး - ဒါဆိုရင် အခြေခံအားဖြင့် ငြင်းပယ်တာပေါ့။ သူ့ (ဒေါ်အောင်ဆန်းစုကြည်) ကို သမ္မတဖြစ်ခွင့် မပြုနိုင် ဘူးလား။
ဖြေ - ကျွန်တော် ငြင်းပယ်တာ မဟုတ်ပါဘူး။ ဒါက တရားဥပဒေအတိုင်းပါ။

မေး - နိုင်ငံအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲဆောင်ရွက်မှာပါလား။
ဖြေ - အရေးကြီးတာက ကျွန်တော်တို့နိုင်ငံရဲ့ ရေရှည်အကျိုးစီးပွားပါ။

မေး - သူနဲ့ လက်တွဲလုပ်နိုင်မယ်လို့ ထင်ပါသလား။
ဖြေ - ဘာလို့ မလုပ်နိုင်ရမှာလဲ။

မေး - သူ့ကို ယုံပါသလား။
ဖြေ - တိုင်းပြည်အတွက် ရလဒ်ကောင်းမယ်ဆိုရင် ကျွန်တော်တို့ လက်တွဲဆောင်ရွက်နိုင်ပါတယ်။ လက်တွဲ ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။

မေး - ဒေါ်အောင်ဆန်းစုကြည်နဲ့ အပေးအယူလုပ် ညှိနှိုင်းဖို့ အခက်အခဲ ရှိပါသလား။
ဖြေ - ရလဒ်ကောင်းတွေ ရှိမယ်ဆိုရင် ညှိနှိုင်းလို့ ရပါတယ်။

မေး - အရပ်ဘက်အုပ်ချုပ်ရေးကို အာဏာပိုပေးသင့်တယ်လို့ ထင်ပါသလား။
ဖြေ - နိုင်ငံအခြေအနေ တည်ငြိမ်မယ်ဆိုရင် တစ်နေ့ကျ ခင်ဗျားပြောသလို ကျွန်တော်တို့ ဆောင်ရွက်မှာပါ။

မေး - ဒါဆို နိုင်ငံတည်ငြိမ်မယ်ဆိုရင် အရပ်သားအစိုးရကို အာဏာပိုပေးဖို့ ဆန္ဒရှိတယ်ပေါ့။
ဖြေ - ဟုတ်ပါတယ်။

မေး - နိုင်ငံတည်ငြိမ်တာကို ဘယ်လိုလက္ခဏာတွေ သတ်မှတ်ထားပါလဲ။
ဖြေ - နံပါတ်တစ်က တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခပါ။ ကျွန်တော်တို့ နိုင်ငံမှာ စစ်မှန်တဲ့ လုံးဝငြိမ်း ချမ်း ရေး လိုပါတယ်။ နံပါတ်နှစ်က ပါတီစုံဒီမိုကရေစီစနစ် ရင့်ကျက်မှုပါ။ နံပါတ်သုံးက တိုင်းရင်းသားတွေနဲ့ အစိုးရကြား ပိုမို ကောင်းမွန်တဲ့ နားလည်မှုလိုပါတယ်။

မေး - တိုင်းရင်းသား တပ်ဖွဲ့ ၈ ဖွဲ့ကပဲ အစိုးရနဲ့ အပစ်ရပ် သဘောတူစာချုပ် လက်မှတ်ထိုးထားတယ်နော်။ အခြားအဖွဲ့တွေ လက်မှတ်ထိုးဖို့ လိုနေတယ်ပေါ့။
ဖြေ - ဟုတ်ပါတယ်။ အပစ်အခတ်ရပ်စဲရေးမှာ အခြားအဖွဲ့တွေ ပါဝင်ဖို့ လိုနေပါတယ်။

မေး - ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံရဲ့ ဆက်ဆံပုံအပေါ် ဝေဖန်နေကြတာကို ဘယ်လိုမြင်ပါလဲ။
ဖြေ - ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ကျွန်တော်တို့ ခွင့်မပြုပါဘူး။ သူတို့က ဘင်္ဂါလီတွေပါ။ ကျွန်တော်တို့ တိုင်းရင်းသား မဟုတ်ပါဘူး။ ကျွန်တော်တို့ နိုင်ငံသား မဟုတ်ပါဘူး။ သူတို့က ဘင်္ဂလားဒေ့ရှ်ကပါ။

မေး - ကျန်ရှိနေတဲ့ အမေရိကန် စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းစေချင်ပါသလား။
ဖြေ - ပိတ်ဆို့မှုတွေ ရုပ်သိမ်းတာ ကောင်းပါတယ်။

မေး - အခြေခံဥပဒေပုဒ်မ ၄၃၆ အကြောင်း ပြောချင်ပါတယ်။ ဒီပုဒ်မအရ အခြေခံဥပဒေ ပြင်မယ်ဆိုရင် လွှတ်တော်အမတ် ၇၅% ရဲ့ ထောက်ခံမှု လိုပါတယ်။ စစ်တပ်က လွှတ်တော်အမတ်နေရာ ၂၅% ရယူထားတဲ့အတွက် အခြေခံဥပဒေပြင်တာကို ဗီတိုအာဏာနဲ့ တားဆီးခွင့်ရနေပါတယ်။ ဒီတော့ NLD က ပြတ်ပြတ်သားသား အနိုင်ရအပြီးမှာ အခြေခံဥပဒေကို ပိုမိုလွယ်ကူစွာ ပြင်ဆင်နိုင်ဖို့ ဒီပုဒ်မကို ပြင်ဆင် လိုပါသလား။
ဖြေ - ကျွန်တော်တို့ တပ်မတော်က အခြေခံဥပဒေကို တင်းတင်းမာမာ ဆွဲကိုင်ထားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံမှာ ရင့်ကျက်ပြီး တည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေ လိုအပ်ပါတယ်။ ကျွန်တော်တို့ ဖြည်းဖြည်းမှန်မှန် ပြောင်းလဲဖို့ လိုပါတယ်။ အခုအချိန်မှာတော့ ကျွန်တော်တို့ အသင့်မဖြစ်သေးပါဘူး။

မေး - အရပ်ဘက်ကို အာဏာပိုမိုပေးအပ်ရာမှာ အေးအေးချမ်းချမ်း ရှိစေဖို့ ဘာတွေလိုပါသလဲ။
ဖြေ - ဒါက ကျွန်တော်တို့ နိုင်ငံရဲ့ တည်ငြိမ်မှုနဲ့ ဒီမိုကရေစီ ကျင့်ထုံးတွေအပေါ် လူထုရဲ့ နားလည်မှုအပေါ် မူတည်ပါတယ်။ အချို့ နိုင်ငံတွေက ဒီမိုကရေစီပြောင်းလဲရာမှာ ပြသ၁နာတွေ ကြုံရပါတယ်။

မေး - အရှေ့အလယ်ပိုင်းနဲ့ အာရပ်နွေဦးလို ဆိုလိုချင်တာလား။
ဖြေ - အရှေ့အလယ်ပိုင်း နိုင်ငံတွေက အဆိုးဆုံး ဥပမာတွေပါ။ ကျွန်တော်တို့မှာ ဒီမိုကရေစီ အတွေ့အကြုံ အနည်းငယ်ပဲ ရှိပါတယ်။ ရလဒ်ကောင်းဖို့အတွက် စိတ်ရှည်ဖို့ လိုပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ မြန်မြန် ဆန်ဆန် ပြောင်းလဲဖို့ ခက်ခဲပါတယ်။

မေး - ရွေးကောက်ပွဲနေ့မှာ ပြည်သူတွေ မဲလာပေးကြတဲ့ပုံစံအပေါ် အထင်ကြီးမိပါသလား။
ဖြေ - လက်ရှိအစိုးရက ပြည်သူ့ဆန္ဒကို မဖြည့်ဆည်းနိုင်ဘူးလို့ ထင်ပါတယ်။ အခု ပြည်သူတွေက သူတို့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်မယ်ထင်တဲ့ သူကို ရွေးခဲ့ပါတယ်။ ရွေးချယ်ခံရသူက ပြည်သူ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ပဲ ရှိပါတယ်။

မေး - ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးတဲ့အခါ စစ်သားတွေအတွက် လွတ်ငြိမ်းချမ်းသာခွင့် တောင်းဆိုမှာလား။
ဖြေ - ကျွန်တော် အဲဒီကိစ္စအတွက် စိတ်မပူပါဘူး။

မေး - အရင်နှစ်များစွာက ဖြစ်ခဲ့တာတွေအတွက် သင့်မှာ တာဝန်မရှိပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ခေါင်းဆောင်တွေအပေါ် ထိခိုက်စေခဲ့တဲ့ စစ်တပ်ရဲ့ လုပ်ရပ်တွေအတွက် နောင်တရတာမျိုး မြင်မိပါသလား။
ဖြေ - အဲဒီအတွက် ကျွန်တော့်မှာ တာဝန်မရှိပါဘူး။ အရင် နိုင်ငံရေးအခြေအနေကြောင့် ဖြစ်ရတာပါ။

မေး - အစိုးရသစ်နဲ့ ဆွေးနွေးတဲ့အခါ ဘာတွေက တားမြစ်စည်းတွေ ဖြစ်မလဲ။ အလျှော့မပေးနိုင်တာက ဘာတွေ ဖြစ်မလဲ။
ဖြေ - ကျွန်တော် စကားပြောဖို့၊ မေးခွန်းတွေဖြေဖို့၊ ဆွေးနွေးဖို့ ပြင်ဆင်ထားပါတယ်။ ကန့်သတ်ချက် မရှိပါဘူး။ ဘာအကြောင်းအရာမဆို ကျွန်တော် ဆွေးနွေးမှာပါ။

မေး - ဒါပေမဲ့ ၅၉(စ)ကို ပြင်ဖို့တောင်းဆိုရင် ဘယ်လိုပြောမလဲ။
ဖြေ - ကျွန်တော့်ရဲ့အမြင်ကို ရှင်းပြမှာပါ။

မေး - ရွေးကောက်ပွဲရလဒ်ကို စစ်တပ်က ကြားဝင်တာမျိုး မရှိဖို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ကတိပေးနိုင် မလား။
ဖြေ - ကျွန်တော်တို့ ရွေးကောက်ပွဲက လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲပါ။ အစိုးရအာဏာ လွှဲပြောင်းပေးဖို့ သမ္မတကြီးကလည်း သဘောတူပြီးသားပါ။ ဒါက မှန်ကန်တဲ့အရာဖြစ်ပြီး သမ္မတကြီးရဲ့ အစီအစဉ် အတိုင်း ဆောင်ရွက်သွားမှာပါ။

KHTun
ကိုးကား - Washington Post

The Ladies News Journal

No comments:

Post a Comment