Wednesday 25 November 2015

ကျေးသီးမြို့ရှိ စစ်ရှောင်စခန်းတွင် ဒုက္ခသည်အချို့ ၀မ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွား

ရှမ်းပြည်နယ်ကျေးသီးမြို့ စစ်ဘေးရှောင် ဒုက္ခသည်စခန်းမှ ဒုက္ခသည်အချို့ (ဓာတ်ပုံ - တင်ဦး)
ရှမ်းပြည်နယ်တောင် ပိုင်း ကျေးသီးမြို့နယ် ၀မ့်ဝ စစ် ဘေးရှောင်ဒုက္ခသည်စခန်းရှိ စစ်ဘေးဒုက္ခသည်အချို့ ၀မ်းပျက်၊၀မ်းလျှောရောဂါများ ဖြစ်ပွားနေ ကြောင်း သတင်းရရှိသည်။
ဝမ့်ဝ စစ်ရှောင်စခန်းတွင် စစ်ဘေးဒုက္ခသည်ဦးရေ ၁,၁၀၀ ခန့်ရှိသည့်အနက် ကျား၊ မ၊ ကလေး ၃၀၀ ခန့်၌ ၀မ်းပျက်ဝမ်းလျှော ဖြစ်ပွားနေခြင်းကြောင့် ကျွမ်းကျင်စွာ ကုသပေးသူများနှင့် ဆေးဝါးများ အရေးပေါ်လိုအပ် လျက် ရှိနေသည်။

‘‘အခင်းမရှိတဲ့ တဲတွေထဲမှာ နေနေရတာရယ်၊ သောက်သုံးရေ အခက်အခဲတွေကြောင့် ၀မ်းလျှော ၀မ်းပျက် သူတွေ တိုးလာတာပါ။ တိုက်ပွဲတွေက ဆက်ဖြစ်နေတာကြောင့် စစ်ရှောင်စခန်းအသီးသီးက ဒုက္ခသည် တွေရဲ့ ကျန်းမာရေးအတွက် ဆေးဝါးနဲ့ ကျွမ်းကျင်သူနာပြုတွေ အရေးပေါ်လိုအပ်နေပါတယ်’’ဟု ဒုက္ခသည် များအရေး ဆောင်ရွက်ပေးနေသူ ၀မ်ဟိုင်း မြို့နေ ကိုစိုင်းစီက ပြောသည်။

ရှမ်းပြည်တောင်ပိုင်းတွင် အစိုးရတပ်မတော်နှင့် ရှမ်းပြည် တပ်မတော် (SSPP/SSA) တို့ ဖြစ်ပွားနေသော တိုက်ပွဲများအတွက် နှစ်ဖက်ဆွေးနွေးရန် နိုဝင်ဘာ ၂၀ ရက်က နေပြည်တော်ရှိ အစိုးရ တာဝန်ရှိသူများအား ဖိတ်ခေါ် ထားချိန်၌ နိုဝင်ဘာ ၂၃ ရက်ကစတင်၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခြင်းကြောင့် စစ်ဘေး ရှောင် စခန်းအသီးသီးတွင် စစ် ရှောင်ဒုက္ခသည်များ ထပ်မံတိုးလာကြောင်း ရှမ်းလူငယ်ကွန်ရက်အဖွဲ့မှ သတင်းရရှိသည်။

‘‘မိုင်းရှူးနဲ့ ကျေးသီးမြို့နယ် ထဲမှာရှိတဲ့ ၀မ့်ဝနဲ့ ဟိုက်ပါစစ် ဘေးရှောင် စခန်းမှာ အိမ်သာနဲ့ သောက်သုံးရေ ကြောင့် ၀မ်းပျက် ရောဂါသည်တွေ များလာတဲ့အကြောင်းသိရပါတယ်။ ရပ်ဝေး၊ ရပ်နီးက စေတနာရှင်များ အနေနဲ့ အရေးပေါ် လိုအပ်မှုတွေကို အလွယ်တကူ ကူညီနိုင်အောင် ကျွန်တော်တို့ ရှမ်းလူငယ်ကွန်ရက် က ဦးဆောင်ပြီး (လားရှိုး)ရှမ်းစာပေနဲ့ယဉ်ကျေးမှု အဆောက်အအုံမှာ အလှူခံဌာနဖွင့်လှစ်ပြီး လက်ခံပေးလျက် ရှိပါတယ်။ လှူဒါန်းလာသမျှကို လိုအပ်တဲ့စစ်ဘေးရှောင်စခန်းများအရောက် အချိန်နဲ့ တစ်ပြေးညီ ဆက် လက် ပို့ဆောင်ပေးလျက်ရှိနေပါတယ်’’ ဟု လားရှိုးရှမ်းလူငယ်ကွန်ရက် တာဝန်ခံ ဦးစိုင်းဝမ်လှိုင်ခမ်းက ပြောသည်။

7Day Daily 

No comments:

Post a Comment