Wednesday 25 November 2015

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲတွင် ခါးပိုက်နှိုက်သတိထားရန် နေ့စဉ်သတိပေးနေရ

တောင်ကြီးမြို့ မီးပုံးပျံပွဲတော် ကျင်းပနေစဉ် (ဓာတ်ပုံ − ဂျွန်ချစ်ငြိမ်း)
တောင်ကြီးတန် ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲကာလအတွင်း တောင်ကြီးမြို့၊ မြို့မဈေးကြီး၌ပွဲတော်သို့ လာ ရောက်လည် ပတ်သည့်ဧည့်သည်များပြားနေ၍ ခါးပိုက်နှိုက်အန္တရာယ်သတိပြုရန် အသံချဲ့စက်ဖြင့် နေ့စဉ် အသိပေး နေကြောင်း မြို့မဈေးကြီးတာဝန်ခံ ဦးခင်အေးက ပြောသည်။

‘‘နေ့စဉ် ဈေးထဲမှာလာကြတဲ့ ဈေးဝယ်သူတွေကို လက်ဝတ်လက်စား၊ ပိုက်ဆံအိတ်နဲ့ငွေတွေကို ဂရုတစိုက် ထိန်းသိမ်းဖို့၊ ခါးပိုက်နှိုက်အန္တရာယ်ကိုသတိထားဖို့ နေ့တိုင်းအသံချဲ့စက်နဲ့ ငါးကြိမ် လောက်သတိပေးနေပါ တယ်’’ဟု ဦးခင်အေးက ပြောသည်။

နိုဝင်ဘာ ၂၃ ရက်က တောင်ကြီးမြို့မဈေးကြီး၌ ခါးပိုက်နှိုက်ခံရမှုနှစ်ခုဖြစ်ပွားထားပြီး ကျပ်လေးသိန်း ဆုံးရှုံး သူတစ်ဦးနှင့် ကျပ်နှစ်သိန်းဆုံးရှုံးသူတစ်ဦးရှိကာ ထိုသူများသည် နယ်အဝေးမှ လာရောက်လည်ပတ်သူ များဖြစ်သည်ဟုဆိုသည်။

‘‘မနေ့က ဈေးလာတဲ့ဧည့် သည်ကောင်မလေးဆို ငွေလေးသိန်းလောက်ကို အိတ်နဲ့ထည့် လာတယ်ပြော တယ်။ ဖွင့်ကြည့်မှ သူပါလာတဲ့ ပိုက်ဆံကမရှိတော့ဘူး။ တချို့ဧည့်သည်တွေက အမှု လည်းမဖွင့်ကြတော့ သိပ်မသိ လိုက်ကြဘူး’’ဟု တောင်ကြီး မြို့ မဈေးကြီးအတွင်းရှိ ရိုးရာအထည် ဆိုင်ရှင်တစ်ဦးက ပြောသည်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲတွင် အနယ်နယ်အရပ်ရပ်မှ နယ်ကျော်ခါးပိုက်နှိုက်များ လာရောက် ကျက်စားလေ့ရှိပြီး လူစည်ကားသည့်နေ့များ၌  အလစ်သုတ်ခံရမှုများပိုမိုဖြစ်ပေါ် တတ်ကြောင်း ဦးခင်အေး က ပြောသည်။

 ‘‘ရဲလုံခြုံရေးတော့ ဈေးမှာနှစ်ယောက် ချထားပေးတယ်။ သည်ထက် ပိုချပေးဖို့ကိုလည်း ကျွန်တော်တို့ သက်ဆိုင်ရာကို ပြောပေးထားပါတယ်’’ဟု ၎င်းကပြောသည်။ တောင်ကြီးမြို့ မြို့မဈေးကြီးတွင်း လုံခြုံရေး ကင်မရာများ တပ်ဆင်ထားရှိခြင်းမရှိသေးဘဲ ဈေးဆိုင်ခန်းပိုင်ရှင်အချို့က ၎င်းတို့ဆိုင်ခန်းများတွင် တပ်ဆင် ထားသည့်လုံခြုံရေးကင်မရာများ သာရှိသည်။

တောင်ကြီးမြို့မဈေးကြီးအတွင်း ဈေးရုံ ၁၉ ရုံ ရှိပြီး ဈေးဆိုင်ခန်းပေါင်း ၁၇၃၇ ခန်းရှိသည်ဟု တောင်ကြီးမြို့ စည်ပင်သာယာ ရေးဦးစီးဌာနမှ သတင်းရရှိသည်။

7Day Daily 

No comments:

Post a Comment