Wednesday 25 November 2015

အရောင်းအ၀ယ် အေးနေသော်လည်း ကားဈေးများ ကျဆင်းခြင်းမရှိ

ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ ယာဉ်ရောင်းဝယ်ရေးစခန်း၌ ရပ်နားပြသထားသော ကားများ(ဓာတ်ပုံ-နစ်ကီ)
ရွေးကောက်ပွဲကာလပြီး နောက် ကားတင်သွင်းမှု လျော့နည်းလာပြီး အရောင်းအ၀ယ် အေးနေသော်လည်း ကားဈေးနှုန်းကျဆင်းခြင်းမရှိကြောင်း မော်တော်ယာဉ်အရောင်းအ၀ယ်လုပ်ကိုင်သူများက ပြောသည်။

‘‘ကားအရောင်းအ၀ယ်က အေးပေမယ့် ကားဈေးနှုန်းတွေက မာနေတယ်။ ၀ယ်ရောင်းတွေကလည်း ကား သိပ်မသွင်းတော့ဘဲ ရှိတဲ့ကားကိုပဲ ရောင်းဝယ်နေကြတယ်။ အစိုးရသစ်တက်လာရင် မူဝါဒအပြောင်းအလဲ ဖြစ်မလားဆိုပြီး စောင့်ကြည့်နေတာလည်းပါတယ်’’ဟု သီရိမင်္ဂလာဈေးယာဉ်ရောင်းဝယ်ရေးစခန်းမှ ကား ၀ယ်ရောင်း ဦးအောင်ဆန်းက ပြောသည်။

လုပ်ငန်းသုံးအတွက် လိုအပ်မည့် ယာဉ်များသာ ၀ယ်ယူမှုရှိနေပြီး ပရိုဘောက်စ်၊ ဟိုက်ဂျက်၊ ဟွန်ဒါဖစ်နှင့် ပစ်ကပ်ကား အမျိုးအစားတို့ကို လုပ်ငန်းသုံးအတွက် အများဆုံးဝယ်ယူနေကြကြောင်း ပြည်တွင်း ကား အရောင်းအ၀ယ် ဈေးကွက်အေးနေသော်လည်း အရောင်းအ၀ယ်ဖြစ်သည့် ကားဈေးနှုန်းများသည် ကျပ် သိန်းတစ်ရာကျော် ဈေးပေါက်နေကြောင်း မော်တော်ယာဉ် အရောင်းအ၀ယ် လုပ်ကိုင်နေသူအချို့က ပြော သည်။

 ‘‘ပါကင်ထောက်ခံချက်နဲ့ ဒေါ်လာဈေးကလည်း မြင့်တော့ ကားသိပ်မသွင်းဘဲ ရှိတဲ့ကားကိုပဲ ထိန်းရောင်း နေရတယ်။ ဒီအချိန်က ပွင့်လင်းရာသီရောက်ပြီဆိုရင် လုပ်ငန်းသုံး ကားတွေအ၀ယ် လိုက်ပေမယ့် အခုက အရောင်းအ ၀ယ်အေးတယ်။ နယ်ကဆင်းဝယ်တာလည်း နည်းသွားတယ်’’ ဟု မော်တော်ယာဉ် တင်သွင်း ရောင်း ၀ယ်ရေးလုပ်ငန်းလုပ်ကိုင်သူ ကိုမင်းသူက ပြောသည်။

ပြည်တွင်းရွေးကောက်ပွဲ ကာလနှင့် အစိုးရအပြောင်းအလဲကြောင့် မော်တော်ယာဉ်တင်သွင်းမှု မူဝါဒ အပြောင်းအလဲ ရှိ၊ မရှိ အခြေအနေကို ကားဝယ်ယူမည့်သူနှင့် တင်သွင်းမည့်သူများပါ စောင့်ကြည့် နေကြခြင်း ဖြစ်သည်။ ထို့အပြင် ဒေါ်လာဈေးနှင့် ရန်ကုန်လိုင်စင်အတွက် ကားပါ ကင်ထောက်ခံချက် ဈေးနှုန်းမြင့် တက်နေခြင်းကြောင့် မော်တော် ထပ်မံတင်သွင်းမှုနည်းပြီး တင် သွင်းပြီးသား ကားများကိုသာ ရောင်းဝယ်နေကြသည်။ နယ်အ၀ယ်အနေဖြင့် တောင်ကြီး၊ မန္တလေး၊ရွှေဘို၊ ပုသိမ်၊ မော်လမြိုင် စသော မြို့များမှ လာရောက်ဝယ်ယူခြင်းမျိုးရှိသော်လည်း နည်းပါးကြောင်း မော်တော်ယာဉ်အရောင်းအ၀ယ် လုပ် ကိုင် နေသူများက ဆိုသည်။

ရန်ကုန်လိုင်စင် ကားပါကင် ထောက်ခံချက်သည် ကျပ်ရှစ်သိန်း ခန့် ဈေးပေါက်နေပြီး ဒေါ်လာဈေးနှုန်း သည် အောက်တိုဘာတွင် ကညနခွန်ကောက်ခံမှု တစ်ဒေါ်လာလျှင် မြန်မာငွေ ၁,၂၈၄ ကျပ်ရှိခဲ့သည်။ ယခုတစ်ဒေါ်လာလျှင် ၁,၂၉၉ ကျပ်ပေါက်ဈေးနှင့် ကောက်ခံနေခြင်းကြောင့် ကားဈေးနှုန်းများ ကျဆင်း နိုင်ခြင်းမရှိကြောင်း ပြည်တွင်းကားဈေးကွက် ကျွမ်းကျင်သူအချို့က သုံးသပ်သည်။

7Day Daily 

No comments:

Post a Comment