Friday 22 May 2015

RCSS/SSA အဖွဲ့မှ ကျေးရွာနာရေးတစ်ခုတွင် ရွာသား ၆၅ ဦးအား လူသစ်အဖြစ် အတင်းအကြပ် ဖမ်းဆီး ခေါ်ဆောင်

RCSS/SSA အဖွဲ့မှ မေလ ၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ မိုက်ဟိုင်းကျေးရွာအုပ်စု၊ မယ်ဇလီမြိုင်ကျေးရွာ သို့ ရောက်ရှိလာပြီး လူသစ်စုဆောင်းမှုများပြုလုပ်သွားခဲ့ကြောင်း ဒေသခံရွာသား များထံမှ သိရသည်။

အဆိုပါကျေးရွာအုပ်စု၊ မယ်ဇလီမြိုင်ကျေးရွာတွင် နေထိုင်သူ ဦးမြ၏ရက်လည်နေအိမ်၌ အလှူအတန်း ပြုလုပ် နေစဉ် RCSS/SSA အဖွဲ့မှ ရောက်ရှိလာပြီး ဒေသခံရွာသားများနှင့် တစ်ခြားရွာသားများအား လူသစ်အဖြစ် အတင်းအကြပ်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

“နာရေးဆိုတော့ တစ်ရွာလုံး အဲဒီမှာရောက်နေတာ၊ ဘေးရွာတွေကလည်း လာကြတာပေါ့၊ လူတွေကလည်း များတယ်လေ၊ အဲဒါကို သေနတ်တွေနဲ့ချိန်ပြီး အဲဒီအိမ်မှာရောက်နေတဲ့ ယောက်ျားသားတွေ အကုန်လုံးကို ဖမ်းဆီးခေါ်ဆောင်သွားတာပဲ”ဟု ၎င်းဒေသခံတစ်ဦးမှ ဆက်လက်ပြောကြားသည်။

ဖမ်းဆီးခေါ်ဆောင်သွားသောသူများအနက် မယ်ဇလီမြိုင်ရွာသား ၅၀ ခန့်နှင့် ပတ်ဝန်းကျင်ကျေးရွာမှ ရွာ သား ၁၅ ဦးခန့် ပါသွားကြောင်း သိရှိရသည်။

“ယခုလိုမျိုးတော့ မလုပ်သင့်ဘူး၊ ဦးတို့လည်း သူတို့တောင်းတဲ့ ဆက်ကြေးဆို ဆက်ကြေး၊ ရိက္ခာဆို ရိက္ခာပေးနေတာပဲ၊ လူသစ်ဆိုလည်း ပေးနေတာပဲ၊ အခုဟာက မင်းမဲ့စရိုက်တအားဆန်သွားပြီ၊ သူတို့ အထက်ကိုလည်း စာပို့မယ်၊ အစိုးရကိုလည်း စာပို့မယ်”ဟု မယ်ဇလီမြိုင်ရွာမှ ရပ်မိရပ်ဖတစ်ဦးမှပြောသည်။

RCSS/SSA အဖွဲ့အနေဖြင့် ယခုကဲ့သို့ ကျေးရွာများမှ အတင်းအကြပ် လူသစ်စုဆောင်းနေခြင်းကြောင့် ဒေသခံ တိုင်းရင်းသားတို့မှာ ရပ်ရွာ၏ သာရေးနာရေးတို့ကို လုပ်ဆောင်ရန်ပင် ထိတ်လန့်လျက်ရှိပြီး အလုပ် အကိုင်များ ပျက်ယွင်းလာသောကြောင့် စားဝတ်နေရေး အခက်အခဲများဖြစ်ပေါ်နေကြောင်း မိုးနဲမြို့နယ် ကျောင်းဆရာ တစ်ဦးက ပြောကြားသွားသည်

စိုင်းစံဟိန်း
Shan News 

No comments:

Post a Comment