Friday 23 January 2015

ထိုင်း- မြန်မာနယ်စပ်တွင် ပြည်တန်ဆာ အဖြစ် ရောင်းစားခံရမူ အများဆုံးဖြစ်နေ

ထိုင်း-မြန်မာနယ်စပ်တွင် ပြည့်တန်ဆာအဖြစ် ရောင်းစားခံရမှုအများဆုံးဖြစ်နေကြောင်း မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့မှ ကော့သောင်းမြို့နယ် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့တာဝန်ခံ ဒုတိယရဲမှူးကြီး မင်းခိုင်က ပြောသည်။

““ ထိုင်းနိုင်ငံကို သွားရောက် အလုပ် လုပ်ကိုင်တဲ့ သူတွေဟာ သူတို့ကို လူကုန်ကူးခံရမယ်၊ ရောင်းစား ခံရမယ် ဆိုတာကို မသိကြပါဘူး။ သူတို့ ဘ၀ ရပ်တည်ချက် အတွက်၊ သူတို့ ဘ၀ စားဝတ်နေရေး အတွက် ထိုင်းကို သွားရောက် အလုပ် လုပ်တဲ့ အခါကျတော့ ပြည့်တန်ဆာ အဖြစ် ရောင်းစား ခံရတာတို့၊ ထိုင်းကိုသွားရင်း လှေပေါ်မှာပဲ ရောင်းစား ခံရတာတို့ ဖြစ်နေကြပါတယ်”” ဟု ၎င်းကပြောသည်။

ထိုင်းနိုင်ငံတွင်  ဖြစ်ပွားနေသည့် အမှုများနှင့် ပတ်သက်၍ စာရင်းဇယား အရ အတိအကျ မသိရသေး သော်လည်း ထိုင်းနိုင်ငံမှ ပူးပေါင်းပြီး စာရင်းပေးသည့် အနေအထားနှင့် ထိုင်းနိုင်ငံရှိ မြန်မာ့အရေး ဆောင်ရွက်နေသူများက တစ်ဆင့် သတင်းပေးမှသာ ဒုက္ခရောက်နေသည့် သူများ၏ စာရင်း ရရှိသည့် အနေအထားမျိုးသာ ရှိကြောင်း သိရသည်။

““ကျွန်တော်တို့ ကော့သောင်းနဲ့ ရနောင်း နယ်စပ် ဒေသတွေမှာ နှစ်နိုင်ငံ တပ်စုတွေ ပူးပေါင်းပြီးတော့ လူကုန်ကူးမှု တိုက်ဖျက်ပြီး လူကုန် ကူးခံနေရသူတွေကို ကယ်တင်နေပါတယ်””  ဟု ဒုတိယ ရဲမှူးကြီးက ပြောသည်။

လူကုန်ကူးမှု ဖြစ်စဉ်များကို လေ့လာ ကြည့်ပါက မြန်မာနိုင်ငံသည် မူရင်းနိုင်ငံ  (Source country) ဖြစ်သည့် အတွက် လူသူ စုဆောင်းသူများ၊ ပို့ဆောင်သူများ အကျိုးအမြတ် အနည်းငယ်သာ ရရှိကြောင်း၊ အဓိက လူကုန်ကူး သူများမှာ အခြား နိုင်ငံတွင်သာ အခြေချ နေထိုင်နေသည်ကို တွေ့ရကြောင်း ရန်ကုန်တိုင်း ဒေသကြီး လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့  ဥက္ကဋ္ဌ ဦးမြတ်ကျော်ကျော်က ပြောသည်။

““လူကုန် ကူးခံရတဲ့ သူတွေက ပွင့်ပွင့်လင်းလင်း ပြောရရင် အခြေခံ လူတန်းစာတွေ များတယ်။ ကျွန်တော်တို့က လူကုန်ကူးတဲ့ သူတွေကို တရားစွဲ ပါဆိုရင် ဗဟုသုတ နည်းတော့ စွဲဆိုရတာ ခက်တာတွေ ရှိတယ်။ ဒါကြောင့် လူကုန် ကူးမှုတွေမှာ တရားပြန်လည် စွဲဆိုရာမှာ ပူးပေါင်း ပါဝင်ဖို့ လိုအပ်ပါတယ်”” ဟု ဒုတိယ ရဲမှူးကြီးမင်းခိုင်က ပြောသည်။

ထိုင်းနိုင်ငံရှိ ရဲတပ်ဖွဲ့ အနေဖြင့် လူကုန်ကူးမှု ဖြစ်စဉ်များတွင် တိကျ ခိုင်လုံမှသာ ဆောင်ရွက် ပေးသော ကြောင့် အနည်းငယ် ပြသနာ ရှိသည်ဟု မြင်မိကြောင်း၊ ထိုင်းနိုင်ငံ အခြေစိုက် မြန်မာလူမှု အဖွဲ့အစည်းများ အနေဖြင့်လည်း ယင်းကဲ့သို့ သိရှိနိုင်ရန် ခက်ခဲမှုများ ဖြစ်ပေါ်နေကြောင်း၊ ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ ရွှေ့ပြောင်း အလုပ်သမား ကွန်ရက် အဖွဲ့မှ ညှိနှိုင်း ဆောင်ရွက်ရေးမှူး ဦးကျော်ဇောလင်းက ပြောသည်။

““အဓိက ကတော့ ကျွန်တော်တို့ နှစ်နိုင်ငံ နယ်စပ် ဖြတ်ကျော်တဲ့ အခါမှာ ဘယ်လို ထိန်းသိမ်း ဆောင်ရွက် ကြမလဲ၊ နယ်စပ် ဂိတ်တွေကို နှစ်နိုင်ငံ ဘယ်လို ထိန်းချုပ် သွားမလဲ ဆိုတာက အရေးကြီးပါတယ်”” ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ လူကုန်ကူးမှု ဥပဒေအား စတင် ပြဌာန်းသည့် ဆယ်နှစ်တာ ကာလ အတွင်း နည်းဥပဒေ မရှိခြင်းကြောင့် လူကုန်ကူးမှု အချို့တွင် တရား စွဲဆိုရန် အတွက် အောက်ခြေအဆင့် လုပ်ငန်း များ၌ အခက်အခဲ ရှိနေသေးပြီး၊ ယင်းဥပဒေသည် ဆယ်နှစ်တာ ကာလ ကြာမြင့်ပြီ ဖြစ်သောကြောင့် လက်ရှိ ဥပဒေများကို ပြန်လည် ပြင်ဆင်ရန် ဆောင်ရွက် နေရကြောင်း လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့ထံမှ သိရသည်။

 မြန်မာနိုင်ငံတွင် ၂၀၁၄ခုနှစ် အတွင်း လူကုန်ကူးမှုပေါင်း (၁၂၄) မှု ဖြစ်ပွားခဲ့ပြီး၊ အမျိုးသား (၁၂၁)ဦး၊ အမျိုးသမီး (၁၈၈) ဦးရှိကြောင်း သိရပြီး လူကုန်ကူးမှု ကျူးလွန် ထွက်ပြေးနေသည့် တရားခံပေါင်း (၁၁၇) ဦးရှိကြောင်း လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့၏ စာရင်းများ အရ သိရသည်။

Messenger News Journal  

No comments:

Post a Comment