Friday 23 January 2015

မင်းဓမ္မ ပန်းဥယျာဉ် ပြောင်းရွှေ့ခိုင်းမှု အဓမ္မဖြိုခွင်းပါက သပိတ်စခန်း ဖွင့်မည်

မင်းဓမ္မ ပန်းဥယျာဉ် ပြဿနာအား ညှိနှိုင်းမှုမရှိဘဲ အတင်းအဓမ္မ ဖြိုခွင်းမှု ပြုလုပ် လာပါက သပိတ်စခန်း ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း၊ မင်းဓမ္မ ပန်းဥယျာဉ်တွင် ရောင်းချ နေသည့် ပျိုး ဥယျာဉ် ဆိုင်ခန်း ပိုင်ရှင်များ ထံမှ သိရသည်။ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မပန်း ဥယျာဉ်တွင် ရောင်းချ နေသည့် ပျိုးဥယျာဉ် ဆိုင်ခန်း များအား စည်ပင်မှ ဇန်န၀ါရီလ(၃၀) ရက်နေ့ နောက်ဆုံး ဖယ်ရှားပေးရန် ညွှန်ကြား ထားကြောင်း ပျိုးဥယျာဉ် ဆိုင်ခန်း ပိုင်ရှင်များ ထံမှ သိရသည်။

တွေ့ဆုံ ဆွေးနွေးမှုတွေ အရင်လုပ်မယ်။ သူတို့ဘက်က ဘယ်လိုလာမလဲ အရင်စောင့်ကြည့်မယ်။ အတင်း အဓမ္မ ဖြိုခွဲရင်တော့ ဒုတိယ လက်ပံတောင်းတောင်လို ဖြစ်သွား နိုင်တယ် ဟု သပြေနန်းပျိုး ဥယျာဉ် ဆိုင်ခန်း ပိုင်ရှင် ဦးအောင်နိုင်ဦးက ပြောသည်။ မင်းဓမ္မ  ပျိုးဥယျာဉ် အတွင်းရှိ   ပျိုးဆိုင် များကို ပြောင်းရွှေ့ ပေးရန် ၂၀၁၃ ခုနှစ်က တစ်ကြိမ် စာထုတ်ပြန် ထားပြီး သြဂုတ်လ (၂) ရက်နေ့က စည်ပင် ၀န်ထမ်းများ သည် အဆိုပါဥယျာဉ် ၀င်းကို သံပြား များဖြင့် ကာရံခဲ့ရာ စည်ပင် ၀န်ထမ်းများနှင့် ပျိုးဥယျာဉ် ဆိုင်ခန်းများ ရုန်းရင်း ဆန်ခတ် ဖြစ်ပွားခဲ့သည်။

ဒီတစ်ခါ သူတို့ဘက်က အကြမ်းဖက်လာရင်  ကျွန်တော်တို့  ရပ်ကွက်ကြီးတွေ ကလည်း ခံမှာ မဟုတ်ဘူး။ တတ်နိုင်သလောက် ညှိနှိုင်းနေတယ်။ သူတို့ ကလည်း ပြည်သူ ထဲက ပြည်သူ့ ၀န်ထမ်းတွေပဲ၊ ကျွန်တော်တို့ ကလည်း ပြည်သူတွေပဲ။ သူတို့က လာပြီး တိုက်ခိုက်ရင် ကြားထဲက ပြည်သူတွေက ဓားစာခံ ဖြစ်လာပြီး ဘယ်သူတွေက ကောင်းစားမလဲ ဆိုရင် ခရိုနီတွေက ကောင်းစားသွား မှာ။ ဒါကြောင့် ပြည်သူတွေ ဓားစာခံ မဖြစ် စေချင်လို့  တားမြစ်နေတာ ဟု မိုးမခ ပျိုးဥယျာဉ် ဆိုင်ခန်း ပိုင်ရှင် ဦးကျော်ကျော် က ပြောသည်။

အဆိုပါ နေရာတွင် ဆိုင်ခန်းပေါင်း (၅၈၆) ခန်းရှိပြီး ၂၀၁၂ ဇူလိုင်လ (၁၉) ရက်နေ့က မြို့နယ် စည်ပင်မှ အဆိုပါ ပျိုးဥယျာဉ်ဝင်း နေရာကို သာကေတ မြို့နယ်၊ ယမုံနာလမ်း ဘေးမြေ နေရာများသို့ ရွှေ့ပြောင်းရန် နေရာ အစားထိုးပေး ခဲ့သည်။ ထိုသို့ အစားထိုးပေးသော နေရာသို့ ဆိုင်ခန်း (၁၀၀) ကျော်သာ ပြောင်းရွှေ့သွားခဲ့ပြီး ကျန်ဆိုင်ခန်း (၃၀၀) ကျော်မှ နေရာ မပြောင်းရွှေ့ရေး အတွက် ၂၀၁၃ ခုနှစ် အတွင်းက ဆန္ဒ ထုတ်ဖော်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ ကြကြောင်း သိရသည်။

Messenger News Journal 

No comments:

Post a Comment