Friday 23 January 2015

ဖားကန့် ကျောက်စိမ်းမှော်မှ ကုမ္ပဏီများအား လုပ်ငန်း ရပ်ဆိုင်း ထားရန် KIA သတိပေး

တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တို့ စစ်ရေး တင်းမာနေ မှုကြောင့် ကချင် ပြည် နယ် ဖားကန့်ဒေသ ကျောက်စိမ်းမှော်မှ ကုမ္ပဏီများနှင့် တစ်ပိုင်တစ်နိုင် ကျောက်စိမ်းမှော်လုပ်ငန်း လုပ်ကိုင်သူများအား လုပ်ငန်း ရပ်ဆိုင်း ထားရန် အဆိုပါ ဒေသရှိ KIA တပ်ရင်း (၆) မှ ယခုလ (၁၉) ရက်နေ့တွင် သတိပေး ညွှန်ကြား ထားကြောင်း KIA တပ်ရင်း(၆) ထံမှ သတင်း ရရှိသည်။ ဖားကန့် ဒေသရှိ တပ်မတော်နှင့် KIA တပ်ရင်း(၆)တို့၏ စစ်ရေးအခြေအနေ လုံးဝတည်ငြိမ်သည့် အခြေအနေ ရောက်ရှိ မှသာ ပြန်လည် လုပ်ကိုင်ရန် ညွှန်ကြား ထားကြောင်း KIA ထံမှ သိရသည်။

ကျွန်တော်တို့ကတော့ လုံခြုံရေး အခြေအနေ အရ ညွှန်ကြားထား ပြီးပြီ။ မလုပ် ပါနဲ့လို့၊ လုံးဝ တည်ငြိမ်တဲ့ အခြေအနေ မရောက် သေးဘဲ ပြန်လည် လုပ်ကိုင်လို့ တိုက်ပွဲတွေ ဘာတွေ ပြန်ဖြစ်ရင် ကျွန်တော်တို့ တာဝန် မယူဘူး။ လုံခြုံရေး အခြေအနေလည်း မပေးနိုင်ဘူး ဟု KIA တပ်ရင်း(၆) တပ်မှူး  ဗိုလ်မှူး တန်ဆိုင်းက The Messenger Media သို့ ပြောသည်။

ယခုလ (၁၅) ရက်နေ့တွင် ဖားကန့်မြို့နယ် ဟွေလုံကျေးရွာ အနီးတွင် လမ်းဖောက် လုပ်မှု အခြေအနေကို စစ်ဆေးပြီး ပြန်လာခဲ့သည့် ကချင် ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဦးကမန်းဒူးနော်ကို KIA တပ်ရင်း (၆) ရဲဘော် အချို့က သေနတ်ပစ်ဖောက် စစ်ဆေးခဲ့ပြီး လုံခြုံရေး အဖြစ် လိုက်ပါ လာသည့် ရဲဝန်ထမ်း သုံးဦးကို ဖမ်းဆီး ခေါ်ဆောင် သွားမှုနှင့် ပတ်သက်၍ တပ်မတော်နှင့် KIA တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လုံခြုံရေး အခြေအနေ အရတော့ ကျွန်တော်တို့လည်း လုပ်ငန်း ရပ်ဆိုင်းထား ရတယ်။ အလုပ်သမားတွေ အတွက်လည်း အသက် အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်လေ။ လုံးဝ တည်ငြိမ်မှသာ လုပ်လို့ ရမှာပေါ့ ဟု ရွှေနဂါး ကျောက်စိမ်းမှော် တူးဖော်ရေး ကုမ္ပဏီမှ ဦးရွှေဝင်းက The Messenger Media  သို့ ပြောသည်။ အဆိုပါ ဖားကန့် ဒေသတွင် အများစုမှာ ကျောက်စိမ်းမှော် လုပ်ငန်းများ လုပ်ကိုင်နေကြပြီး ကျောက်စိမ်းမှော်လုပ်ငန်း လုပ်ကိုင်သည့် ကုမ္ပဏီပေါင်း(၁၀၀) ကျော် ရှိကြောင်း KIA ထံမှ သိရသည်။ ထို့ပြင် တစ်နိုင် တစ်ပိုင် လုပ်ကိုင်နေသည့် ဒေသခံ များလည်း ရှိကြောင်း KIA ထံမှ သိရသည်။

Messenger News Journal 

No comments:

Post a Comment