Friday 23 January 2015

ကချင်ခရစ်ယာန်သာသနာပြု ဆရာမနှစ်ဦး အသတ်ခံရမှုကို သေချာစုံစမ်းစစ်ဆေးပေးရန် အမေရိကန်ပြည်ထောင်စု တောင်းဆို

ဇန်နဝါရီ ၁၉ ရက် ညပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း၌ ကချင်ခရစ်ယာန်သာသနာပြု ဆရာမနှစ်ဦး အသတ်ခံရမှုနှင့် အဆိုပါအသတ်ခံရသူများသည် အဓမ္မပြုကျင့်ခံထားရပြီး တပ်မတော်မှ ပါဝင် ပတ်သက်မှု ရှိသည် ဟူသော စွပ်စွဲချက်များကို သေချာစွာစုံစမ်းစစ်ဆေးပြီး အမှုမှန် ပေါ်ပေါက်အောင် လုပ် ဆောင်ရန် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၁ ရက်တွင် တောင်းဆိုခဲ့ သည်။

 အဆိုပါဆရာမနှစ်ဦးသည် အသည်း၊ အဆုတ်နှင့် ဦးခေါင်းတို့တွင် ထိုးဖောက် ဒဏ်ရာများရရှိခဲ့ခြင်းကြောင့် သေဆုံး ခဲ့ရကြောင်း ဆေးစစ်ချက်တွင်ဖော်ပြ ထားကြောင်း Kachin Baptist Convention အဖွဲ့ အတွင်းရေးမှူး ဇော်ရာက AP သတင်းဌာနသို့ ပြောကြားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ  Jen Psaki က “မြန်မာအာဏာပိုင်တွေအနေနဲ့ ဒီအမှုကျူးလွန်ခဲ့သူတွေကို တရားဥပဒေအရ စီရင်ဖို့ တိုက်တွန်းလိုပါတယ်။ မြန်မာအစိုးရအနေနဲ့ ဒီအမှုကို စစ်ဆေးနေပြီး ဘာဖြစ်ခဲ့လဲဆိုတာ စုံစမ်းနေတယ်လို့ သိရပါတယ်”ဟု ဗုဒ္ဓဟူးနေ့က ပြောကြားသည်။

အဆိုပါ လုပ်အားပေး ဆရာမနှစ်ဦးကို တပ်မတော်မှ အဓမ္မပြုကျင့်ပြီး သတ်ဖြတ် ခဲ့သည်ဟု စွပ်စွဲပြောဆို မှုများ ပျံ့နှံ့လျက်ရှိပြီး မူဆယ်ခရိုင်အဆင့်မြင့် ရဲအရာရှိ တစ်ဦးက အမှုမှန်ပေါ်ပေါက်ရန် ယုံကြည်ကြောင်း နှင့် အမှုမှန်ပေါ်ပါက ထုတ်ပြန် သွားမည်ဖြစ်ကြောင်း  The Daily Eleven သတင်းစာသို့ ဇန်နဝါရီ ၂၂ ရက်က ပြောကြားသည်။

အဆိုပါသတ်ဖြတ်မှုသည် အမေရိကန်ပြည်ထောင်စုကိုယ်စားလှယ်များက မြန်မာနိုင်ငံတွင် အရပ်သား အစိုးရနှင့် တပ်မတော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ လူ့အခွင့် အရေးကိစ္စများ ဆွေးနွေးပြီး တစ်ပတ် အကြာ တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

Eleven Media Group 

No comments:

Post a Comment