Friday 23 January 2015

သပိတ်မှောက် ကျောင်းသားများ ရန်ကုန်သို့ ချီတက်ရာတွင် နောက်ကွယ်မှ ပတ်သက်သူ များကို စောင့်ကြည့်မည်

သပိတ်မှောက် ကျောင်းသားများ ရန်ကုန်သို့ ချီတက် ဆန္ဒပြမှုအား လုံခြုံရေး အရ စောင့်ကြည့်မည် ဖြစ် သကဲ့သို့ နောက်ကွယ်မှ ပတ်သက်သူများကိုလည်း စောင့်ကြည့်သွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး မှ အကြီးတန်း အရာရှိ တစ်ဦးက ပြောသည်။

လုံခြုံရေး အရတော့ စောင့်ကြည့် ထားတယ်။ ကျန်တာ ကတော့ သေချာပြောလို့ မရဘူး။ ကြိုပြောတာ ဖြစ်သွားမယ်။ သူတို့ရဲ့ လုပ်ဆောင် လာတဲ့ အပေါ် မူတည်တယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြဖို့နဲ့ အများ ပြည်သူကို မထိခိုက်ဖို့၊ သူတို့ရဲ့ နောက်ကွယ်မှာ ဘာတွေ ရှိသလဲ ဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ဖို့ လိုတယ် ဟု နိုင်ငံတော်သမ္မတရုံးမှ အကြီးတန်း အရာရှိ တစ်ဦးက The Messenger Media သို့ ပြောသည်။

ဆန္ဒပြချီတက်မှုသည် ယခုအချိန် အထိ မည်သည့် ပြဿနာမျှ မရှိသေးကြောင်း၊ သို့သော်လည်း လုပ်သင့် လုပ်ထိုက်သည့် ကိစ္စရပ်များ အားလုံးကို သမ္မတရုံး အနေဖြင့် လုပ်ဆောင် ထားကြောင်း၊ ကွန်မြူနစ် စနစ်သို့  သွားနေခြင်း မဟုတ်သောကြောင့် စည်းကမ်းရှိရှိ၊ ငြိမ်းငြိမ်း ချမ်းချမ်း ဆန္ဒပြရန် လိုကြောင်း၊ လမ်းကြောင်းမှန်ကို သွားရန် လိုကြောင်း၊ ကျောင်းသား မဟုတ်သူ များ၏ နိုင်ငံရေး အမြတ်ထုတ်မှု များရှိ နိုင်ရာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြရန် လိုအပ်ကြောင်း အဆိုပါ အကြီးတန်း အရာရှိက ပြောသည်။

မန္တလေးမြို့ အိမ်တော်ရာ ဘုရားဝင်း အတွင်း စတင် စုဝေးခဲ့သော ကျောင်းသား သပိတ် စစ်ကြောင်းသည် ဇန်န၀ါ ရီလ (၂၂) ရက်နေ့တွင် ကျောက်ဆည်မြို့မှ ထွက်ခွာ လာပြီ ဖြစ်ကြောင်း သိရသည်။ ရန်ကုန် မှာတော့ ရဲတပ်ဖွဲ့ က ပုံမှန် အတိုင်းပဲ ရှိပါ သေးတယ်။ ကျောင်းသားတွေ ဒီရောက် ဖို့လည်း လိုသေး တယ်လေ။ ဒီရောက်ရင်လည်း အေးအေး ဆေးဆေးလေးပဲ ဖြစ်မှာပါ ဟု ရန်ကုန် အနောက်ပိုင်း ခရိုင်၊ ရဲမှူးကြီး ဦးဝင်းကြည် က The Messenger Media  သို့ ပြောသည်။

အမျိုးသား ပညာရေး ဥပဒေ ကန့်ကွက် ဆန္ဒပြပွဲများကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့မှ (၁၇) ရက်နေ့အထိ ရန်ကုန် မြို့တွင် ပြုလုပ် ခဲ့ကြပြီး၊ ရက်ပေါင်း (၆၀) အတွင်း အစိုးရဘက်မှ ညှိနှိုင်းပေးရန် တောင်းဆိုခဲ့ကာ ဆန္ဒပြပွဲကို ရပ်နားခဲ့သည်။ သို့သော် အစိုးရဘက်မှ တစ်စုံတစ်ရာ အကြောင်းပြန်ခြင်း မရှိခဲ့ပေ။အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်ရန် တောင်းဆိုမှုများ ပြုလုပ် လာသည့် အတွက် ပြည်ထောင်စု လွှတ်တော် အနေဖြင့် ပြန်လည် စဉ်းစား သုံးသပ်ပေးရန် ဇန်န၀ါရီလ (၁၉) ရက်နေ့တွင် နိုင်ငံတော်သမ္မတမှ သ၀ဏ်လွှာ ပေးပို့ ထားကြောင်း သိရသည်။

Messenger News Journal  

No comments:

Post a Comment