Friday 26 December 2014

ကွမ်းခြံကုန်းနှင့် မြိတ် ကျောက်မီးသွေးစက်ရုံနှစ်ခု၏ EIA အစီရင်ခံစာ စတင်စစ်ဆေး

မြန်မာနိုင်ငံတွင် တည် ဆောက်ရန် လျာထားသည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၁၂ ခုရှိသည့်အနက် ကွမ်းခြံကုန်းနှင့် မြိတ်တွင် တည်ဆောက်မည့် စက်ရုံနှစ်ခု၏ ပတ်ဝန်းကျင်ထိခိုက်မှု စစ်တမ်း (EIA) စစ်ဆေးသည့်အဆင့်ကို ရောက်ရှိနေပြီဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ သတင်းရရှိသည်။

‘‘မြိတ်နဲ့ ကွမ်းခြံကုန်းမှာ ဆောက်မယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံနှစ် ခုအတွက် EIA ရီပို့တွေ ဦးစီးဌာန ကိုတော့ ရောက်နေပြီး ဌာနက တော့ ဘာမှအကြောင်း မပြန်ရ သေးပါဘူး။ စိစစ် နေတုန်း ပါ’’ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် တည် ဆောက်ရန် လျာထားသည့် ကျောက်မီး သွေးသုံးလျှပ်စစ်ဓာတ်အားပေး စက်ရုံ ၁၂ ရုံအနက် ရှစ်ရုံမှာ စူးစမ်းလေ့လာသည့် အစီရင်ခံစာ ထွက် ရှိနေပြီဖြစ်သည်။

  မြန်မာနိုင်ငံတွင် တည် ဆောက်ရန်  လျာထားသည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၁၂ ရုံရှိသည့်အနက် စူးစမ်းလေ့လာသည့် အစီရင်ခံစာပြုလုပ်ရန် စက်ရုံသုံးရုံသာ ကျန်ရှိတော့ကြောင်း၊ အစီရင်ခံစာပြီးစီးသည့် စက်ရုံရှစ်ရုံသည် ယခုအချိန်တွင် ပတ်ဝန်းကျင်ထိခိုက်မှုစစ်တမ်းပြုလုပ် နေပြီးဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 ကျောက်မီးသွေးသုံး လျှပ်စစ်လျှပ်စစ်ဓာတ်အားပေးစက်ရုံ များသည် ပတ်ဝန်းကျင်ညစ်ညမ်း မှု ဖြစ်စေ သောကြောင့် စက်ရုံတည်ဆောက်မည့်သူများ၏ ပတ် ၀န်းကျင်ထိခိုက်မှုစစ်တမ်းတွင် ပတ်ဝန်းကျင်ထိခိုက်မှု နည်းအောင်မည်သို့စီမံခန့်ခွဲရမည်ကို ဂရုတစိုက်နှင့် လေ့လာစိစစ်ကြရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေး သမားများက အစိုးရကို တိုက်တွန်းလျက်ရှိသည်။

‘‘လေထုညစ်ညမ်းမှုဆိုရင် တွက်ချက်ရမယ်။ ဖြစ်နိုင်မယ့် နေရာတွေ တွက်ချက်ရမယ်။ လေတိုက်မယ့် လာရာကို မူတည် ပြီး ခေါင်တိုင်ဘယ်လောက်ထား ရမယ်။ စက်အင်အား ဘယ် လောက်ဖြစ်မယ်။ စက်ရုံက ထွက် မယ့် လေထုညစ်ညမ်းတဲ့ဟာတွေ ဘယ်နေရာကိုကျမယ်။ အဲဒါတွေ ထုတ်ပြန်ပေးဖို့ လိုတာပေါ့။ အဲဒါ တွေ လုပ်မယ်ဆိုရင် နွေ၊ မိုး၊ ဆောင်းရဲ့ လေတိုက်နှုန်းကို တစ် နှစ်၊ ၂ နှစ်လောက် စောင့်ကြည့် ပြီး ထုတ်သင့် တာပေါ့။ အခုက အဲဒီလို မဟုတ်ဘူး။ ခြောက်လ လောက်နဲ့လုပ်တဲ့ EIA ပတ်ဝန်း ကျင် ထိခိုက်မှုစစ်တမ်းတွေ ဖြစ် နေတယ်’’ဟု ပတ်ဝန်းကျင်ထိန်း သိမ်းရေး ကျွမ်းကျင်သူ ဦးဝင်းမျိုး သူက ပြောသည်။

 ယခုလုပ်ဆောင်နေသည့် ပတ်ဝန်းကျင်ထိခိုက်မှု စစ်တမ်း အများစုသည် ပတ်ဝန်းကျင်ထိ ခိုက်မှု ရှိပါက အခြားနည်းလမ်း နှင့်  မည်သို့လုပ်မည်၊ ဆင်ခြင် သုံးသပ်သည့် အချက်များ မပါရှိ သည်ကို  တွေ့ရှိ ရကြောင်း၊ စီမံ ကိန်းကို  ဆက်လုပ်ရန် အားပေး သည့် အစီရင်ခံစာများကိုသာ တွေ့ရှိရသဖြင့် အစီရင် ခံစာစိစစ် မည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး  ဦးစီးဌာနအနေဖြင့် သေချာစိစစ်ရန် လိုအပ်ကြောင်း ဦးဝင်းမျိုးသူ က အောက်တိုဘာအတွင်း 7Day News ဂျာနယ်နှင့် သီးသန့်အင် တာဗျူးပြုလုပ်စဉ်တွင် ပြောကြား ခဲ့သည်။

သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်အတွင်း ကျောက်မီး သွေးမှ လျှပ်စစ်ဓာတ်အား ထုတ် ယူမှုကို ယခင် ၃ ရာခိုင်နှုန်းမှ ၃၃ ရာခိုင်နှုန်းအထိ တိုးမြှင့်ထုတ် လုပ်ရန်ရှိပြီး မြန်မာနိုင်ငံတွင် ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ ၁၆ ခု တည် ဆောက်ရန် လွှတ်တော်သို့တင်ပြ ထားသည်ဟု သတင်းရရှိသည်။

လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနနှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီး စက်ရုံ ၁၁ ရုံရှိပြီး လက်မှတ် မထိုးရသေးသည့် စီမံကိန်းတစ်ခုရှိသည်။ အဆိုပါ စီမံကိန်းများကို ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရှမ်းနှင့် မွန်ပြည်နယ်တို့တွင် အကောင်အထည်ဖော်မည် ဖြစ် သည်။

7Day DAILY 

No comments:

Post a Comment