Saturday 6 December 2014

သက်ငယ် မုဒိမ်းကျင့်သူကို ပြစ်ဒဏ်ချရာတွင်ဒေသခံများ မကျေနပ်၍ ဆူပူမှုဖြစ်


ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် (၁၅)နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးကို မုဒိမ်းကျင့်သူ ဘာသာခြား တစ်ဦး အား ခရိုင်တရားသူကြီးက အမိန့်ချလိုက်သည်ကို ပြစ်ဒဏ်နည်းသည်ဟုဆိုကာ ဒေသခံများက မကျေနပ်၍ တရားရုံးကို ဖျက်ဆီးမှုများပြုလုပ်ခဲ့ရာ ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်၍ ထိန်းသိမ်းခဲ့ရကြောင်း သတင်း ရရှိသည်။

ကချင်ပြည်နယ်၊ မိုးကောင်း မြို့တွင် ပြစ်မှုဖြစ်ပွားခဲ့သော သက်ငယ်မုဒိမ်းပြုကျင့်သူဘာသာခြား တစ်ဦးအား မိုးညှင်းခရိုင်တရားရုံးတွင် ဒီဇင်ဘာ ၄ရက် မွန်းလွဲ ၁နာရီ၌ ခရိုင်တရားသူကြီးက ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်သည်။ လာရောက်စောင့်ကြည့်ကြသော  ပြည်သူများက ပြစ်ဒဏ်နည်းသည်ဟုဆိုကာ တရားရုံး ကို ခဲဖြင့် ပစ်ပေါက်၍ ဆူပူခဲ့သဖြင့် တရားသူကြီးက ချက်ချင်းပင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ် ပြင်ဆင်ချ မှတ်လိုက်ကြောင်း တရားခွင်သို့ သွားရောက်နားထောင်သူများက ပြောသည်။

ဒီဇင်ဘာ ၄ရက်တွင် မိုးညှင်း မြို့၌ တရားခံအား အမိန့်ချမည် ကို ကြိုတင်သိရှိသောကြောင့်  မိုးကောင်းမြို့ မှ ဒေသခံများနှင့် သံဃာတော်အချို့သည် အမိန့်ကြားနာမှုများကို သိရှိရန် နံနက် ၅နာရီဝန်းကျင် ကတည်းကမိုးညှင်းတရားရုံးရှေ့၌ ထိုင်စောင့်နေခဲ့ကြခြင်းဖြစ်သည်။

ထိုသို့  ပြောင်းလဲအမိန့်ချ မှတ်လိုက်သော်လည်း ကျေနပ် ခြင်းမရှိ၍ မိုးညှင်းမြို့ရဲစခန်းသို့ သွားရောက်ကာ ခဲဖြင့် ပစ်ပေါက်မှု၊ ဆူပူမှုများပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။ ရဲစခန်းမှ ရဲအရာရှိများက အမိန့်ချခြင်း သည် ရဲတပ်ဖွဲ့နှင့်မဆိုင်ဘဲ တရားရုံးနှင့်သာဆိုင်သည်ဟု ပြောကြားလိုက်သောကြောင့် လူအုပ်စုသည် တရားရုံးနှင့် တရားသူကြီးအိမ်သို့ သွားရောက်ကာ ခဲဖြင့်ပစ်ပေါက်ခြင်း၊ တုတ်ဖြင့် ပစ်ပေါက်ခြင်းများ ပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။

‘‘အမိန့်ချတာကို နည်းလို့ဆိုပြီး မကျေနပ်ကြတာ။ သေဒဏ်တွေ၊ တစ်သက်တစ်ကျွန်းတွေ  ချစေချင်ကြ တာ။ အဲဒီလိုမချလို့ တရားရုံးရော၊ ရဲစခန်းရော ၀ိုင်းထားကြတာ။ ခဲတွေနဲ့ ပစ်ပေါက် ကြတာ။ တရားသူကြီးကိုလည်း နုတ်ထွက်ပေးဖို့ အော်ကြတာပေါ့။ ကြာလာတာနဲ့ လူကတော်တော်များတယ်’’ဟု မိုးညှင်းမြို့တရားရုံး ဆူပူမှုဖြစ်စဉ်ကို သွားရောက် ကြည့်ရှုခဲ့သူ ဦးခင်မောင်မြင့်က ပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မိုးညှင်းခရိုင်တရားသူကြီးကို ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရရှိခဲ့ပေ။

ဒီဇင်ဘာ ၄ က် ညနေတွင်  ဆူပူမှုများ ပိုမိုလုပ်ပြုလုပ်ရာ ရဲတပ်ဖွဲ့က သေနတ်ဖြင့် အနည်းဆုံးငါးချက် ပစ်ဖောက်ထိန်းသိမ်းခဲ့ရကြောင်း ဦးခင်မောင်မြင့်က ပြော သည်။ ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ဖောက် လူစုခွဲထိန်းသိမ်းခဲ့၍ ဒေသခံများက ရဲတပ်ဖွဲ့အား ပြန်လည်တိုက်ခိုက်ခဲ့ပြီး ရဲကားတစ်စီးကိုလည်း ဖျက်ဆီးခဲ့ ကြကြောင်းသိရှိရသည်။

သေနတ်ဖြင့် ပစ်ဖောက်မှုကြောင့် လူတစ်ဦးဒဏ်ရာရရှိခဲ့ပြီး ဆူပူမှုပြုလုပ်သူများအနက် လေးဦးကို ရဲတပ်ဖွဲ့ က ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

ယင်းနေ့ ညနေ ၆နာရီတွင် မြို့နယ် သံဃာတော်များက ဆူပူမှုကို လာရောက်ထိန်းသိမ်းခဲ့ပြီး ဖမ်းဆီး ထားသည့်လေးဦးကို ပြန်လွှတ်ပေးရန် ရဲတပ်ဖွဲ့ထံတောင်းဆိုခဲ့ရာ ရဲတပ်ဖွဲ့က ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

‘‘ဆူပူမှုဖြစ်တာကို ချက်ချင်း ပဲ ထိန်းသိမ်းနိုင်ပါတယ်။ ဒီနေ့ လည်း အေးအေးချမ်းချမ်းဖြစ်နေ ပါပြီ။ ဖမ်းဆီး ထားတာ လည်းမရှိ ပါဘူး’’ဟု မိုးညှင်းမြို့နယ်ရဲတပ် ဖွဲ့ဒုရဲအုပ်စိုင်းမျိုးကပြောသည်။

‘‘ဘာပြဿနာမှတော့မရှိပါဘူး။ မနေ့ကတော့ နည်းနည်းဖြစ် သွားပါတယ်’’ဟု ကချင်ပြည်နယ် ရဲတပ်ဖွဲ့ မှူးရုံး တာဝန်ရှိသူတစ် ဦးကပြောသည်။

အောက်တိုဘာလအတွင်းက မိုးကောင်းမြို့ မြင့်မြတ်သဇင် တည်းခိုခန်းပိုင်ရှင်ဦးစံသိန်းသည် တည်းခိုခန်း နှင့် ကပ်လျက်တွင်နေ ထိုင်သော အိမ်တစ်အိမ်မှ အသက်(၁၅)နှစ်အရွယ် အဋ္ဌမတန်းကျောင်းသူတစ်ဦးကို အဓမ္မပြု ကျင့်ခဲ့ခြင်းဖြစ်သည်။

‘‘ကလေးမလေး အမေကခရီးသွားနေတုန်းမှာ  ဖြစ်သွားတာ။ ကျွန်တော်တို့ ရဲစခန်းနဲ့ဆိုင်တာပေါ့။ သူတို့က ခရိုင်တရားရုံး ကို တိုင်ကြားလို့ မိုးညှင်းရဲစခန်းကို လွှဲထားတာပါ။ ဆေးစစ်ချက်မှာ တော့ ကလေးမလေးကို အသက် (၁၅)နှစ်အရွယ်လို့ ပြောထားပါ တယ်’’ဟု မိုးကောင်းမြို့ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဒီဇင်ဘာ ၅ရက်တွင် မိုးညှင်း မြို့၌ ပြန်လည်တည်ငြိမ်နေပြီး တရားရုံးအနီးတွင် သံဆူးများဖြင့် ကာရံထား ကာ လုံခြုံရေးအပြည့်ချထားကြောင်း သတင်းရရှိသည်။

7Day DAILY

No comments:

Post a Comment