Saturday 6 December 2014

3D Printing နည်းပညာဖြင့် ပုံတူပန်းပု သွန်းလုပ်ခံရသည့် ပထမဆုံး အမေရိကန်သမ္မတ ဖြစ်လာသည့် အိုဘားမား

Photo: 3D Printing နည်းပညာဖြင့် ပုံတူပန်းပု သွန်းလုပ်ခံရသည့် ပထမဆုံး အမေရိကန်သမ္မတ ဖြစ်လာသည့် အိုဘားမား
Friday, December 5, 2014

ဘားရတ်အိုဘားမားသည် 3D Printing နည်းပညာကို အသုံးပြုပြီး ပုံတူပန်းပုရုပ် သွန်းလုပ်ခံရသည့် ပထမဆုံး အမေရိကန် သမ္မတအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရသည်။

3D Printing နည်းပညာကို အသုံးပြုကာ ထုလုပ်ထားသည့် အိုဘားမား၏ ရုပ်တုကို ဝါရှင်တန်ဒီစီရှိ စမစ်သ်ဆိုနီယမ် ရဲတိုက် အဆောက်အအုံတွင် ပြသထားသည်။ အဆိုပါ ရုပ်တုသည် အိုဘားမား၏ ဦးခေါင်းနှင့် ရင်ဘတ် အထက်ပိုင်းကို ပုံတူထုထားပြီး အမေရိကန် သမ္မတ၏ ခန္ဓာကိုယ်နှင့် အချိုးအစား အရွယ်တူ ပြုလုပ်ထားသည်။

အမေရိကန် သမ္မတဟောင်း အေဗရာဟမ်လင်ကွန်း၏ ပုံတူပလာစတာရုပ် သွန်းလုပ်ခဲ့ဖူးသကဲ့သို့ပင် အိုဘားမားကိုလည်း ပုံတူပန်းပု ထုဆစ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အမေရိကန်၏ (၄၄)ဆက်မြောက် သမ္မတသည် ခုံတစ်ခုံပေါ် အခန့်သင့် ဝင်ထိုင်ပြီး ၎င်း၏ ပုံရိပ်ကို Scanဖတ်မှု ခံယူရုံဖြင့် ပန်းပုထုနိုင်သည့် နောက်ဆုံးပေါ် နည်းပညာနှင့် နီးစပ်ခွင့် ရခဲ့သည်။

အိုဘားမားသည် ထောင့်ကျယ်(၆)ခုမှ ဝန်းရံထားပြီး တစ်ခုလျှင် LED မီးလုံး(၅၀)စီ တပ်ဆင်ထားသည့် မီးအလင်းပေး ဘုတ်ပြားကြီးများ အလယ်တွင် ဝင်ထိုင်ကာ ရုပ်သွင်Scanဖတ်မှုကို ခံယူခဲ့သည်။ ထို့နောက်တွင်မူ 3D Printing နည်းပညာဖြင့် ၎င်း၏ ပုံတူရုပ်တုကို အလိုလို ဖန်တီးပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

“ဒါဟာ ဒီဂျစ်တယ် ကမ္ဘာနဲ့ ရူပနည်းပညာ ကမ္ဘာကို ပေါင်းစပ်လိုက်ခြင်းပဲ။ 3D Printing နည်းပညာဟာ ကျောင်းသူကျောင်းသားတွေ၊ စွန့်ဦးတီထွင်သူတွေ ရုတ်တရက် တွေးမိလိုက်တဲ့ စိတ်ကူးတိုင်းကို စမ်းသပ်ဆဲအဆင့် ပုံစံငယ်တစ်ခု ဖော်ဆောင်ဖို့ အမြန်ဆုံး နည်းလမ်းလည်း ဖြစ်ပါတယ်”ဟု အိမ်ဖြူတော်၏ သိပ္ပံနှင့် နည်းပညာ မူဝါဒ ဌာနမှ တွမ်ကာလီက ဆိုသည်။

အိုဘားမား အနေဖြင့် 3D Printing နည်းပညာဖြင့် Scanဖတ် ပုံရိပ်ဖမ်းယူမှု ခံယူနေခြင်းကို ဗီဒီယို မှတ်တမ်းယူထားပြီး ၎င်း၏ ရုပ်တုကို ပုံဖော်သွန်းလုပ်မှုနှင့် တွဲဖက်ကာ သတင်းများက ဖော်ပြခဲ့ကြသည်။

Ref: CNN
7Day DAILY

No comments:

Post a Comment