Saturday 6 December 2014

ရှော့ပင်းမောလ် အတွင်း အမေရိကန် ဆရာမအား သတ်သည့် အမျိုးသမီးကို ယူအေအီးရဲတပ်ဖွဲ့ ဖမ်းဆီး


အမေရိကန် နိုင်ငံသူ ကျောင်းဆရာမ တစ်ဦးကို ရှော့ပင်းစင်တာ တစ်ခု၏ သန့်စင်ခန်း အတွင်း ဓားဖြင့် ထိုးသတ်ခဲ့ပြီး အခြား အမေရိကန် နိုင်ငံသား တစ်ဦး၏ အိမ်အား ဗုံးခွဲရန် စီစဉ်ခဲ့သူ အမျိုးသမီး တစ်ဦးကို ယူအေအီး ရဲများက ဖမ်းဆီးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

အသက် ၃၈ နှစ်အရွယ် အဆိုပါ အမျိုးသမီးသည် ဒီဇင်ဘာ ၁ ရက်က ရှော့ပင်းစင်တာ တစ်ခုရှိ သန့်စင် ခန်းတွင် အမေရိကန်အမျိုးသမီးကို ဓားဖြင့်  အချက်ပေါင်းများစွာ ထိုးသတ်ခဲ့ခြင်း ဖြစ်ပြီး ၎င်းသည် မြို့တော် အဘူဒါဘီရှိ အမေရိကန်ဆရာဝန်တစ်ဦး၏ အိမ်ရှေ့တွင်လည်း လက်လုပ်ဗုံးတစ်လုံးကို ထောင်၍ ဖောက် ခွဲရန် ကြိုးပမ်းခဲ့ကြောင်း ယူအေအီး ပြည်ထဲရေးဝန်ကြီး ရှိတ်ခ်ဆာအိ ဗင်ဇာယက်က ပြောကြားသည်။

“ယူအေအီးနိုင်ငံမှာ ဒီလိုမှုခင်းမျိုးတွေ ထပ်မဖြစ်အောင် ဆက်လက် စောင့်ကြည့်နေ ပါတယ်။ အခုလို ပြဿနာတွေကြောင့် နိုင်ငံရဲ့လုံခြုံရေးကို ထိခိုက်မခံနိုင်ပါဘူး” ဟု ဆာအိက ပြောကြားသည်။ ယူအေအီး နိုင်ငံ တွင် နိုင်ငံခြားသား သန်းပေါင်းများစွာရှိပြီး အခြား အာရပ်နိုင်ငံများ ကဲ့သို့ ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားလေ့ မရှိပေ။

ဒီဇင်ဘာ ၃ ရက်က ထွက်ပေါ်လာသည့် လုံခြုံရေး ကင်မရာ မှတ်တမ်းတွင် လူသတ်သမား အမျိုးသမီးသည် ညနေ ၁ နာရီသာသာ အချိန်တွင် ဈေးဝယ်စင်တာ အတွင်းသို့ ၀င်သွားပြီး မိနစ် ၉၀ အကြာတွင် သန့်စင်ခန်း တစ်ခု အတွင်းမှ ရေးကြီးသုတ်ပြာဖြင့် ထွက်သွား ခဲ့သည်။ အဆိုပါ မှတ် တမ်းတွင် သန့်စင်ခန်း အတွင်း သွေးများပေကျံနေသော မီးဖိုချောင်သုံး ဓားတစ်ချောင်းနှင့်  ကြမ်းပြင်တို့ကို လည်း တွေ့ရှိခဲ့ရသည်။

ပြည်ထဲရေး ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် လုံခြုံရေး ကင်မရာ မှတ်တမ်းတွင် ခေါင်းမြီးခြုံ အမျိုးသမီး တစ်ဦးသည် အဘူဒါဘီမြို့ အဆောက်အအုံ တစ်ခုအတွင်းသို့ ဒီဇင်ဘာ ၄ ရက်က ဘီးတပ် လက်ဆွဲအိတ် တစ်လုံးကိုဆွဲ၍ ၀င်လာခဲ့ပြီး  အဆိုပါ အဆောက်အအုံ၏ အခန်းတစ်ခုရှေ့ တွင် ဗုံးတစ်လုံးကို ထောင်ထားခဲ့သည်။

အဆိုပါ မှုခင်း နှစ်ခုစလုံးကို လုပ်ဆောင်ခဲ့သူမှာ အမျိုးသမီး တစ်ဦးတည်း ဖြစ်ပြီး သူမ၏ ကားအတွင်းမှ ဖောက်ခွဲရေး လုပ်ငန်းသုံး ပစ္စည်းများနှင့် ကားလက်ကိုင် စတီယာရင်တွင် သွေးများကိုလည်း တွေ့ရှိခဲ့ရ ကြောင်း ရဲများက ပြောကြားသည်။

အစ္စလာမ္မစ် စစ်သွေးကြွ အိုင်အက်စ်အဖွဲ့၏ ပြောခွင့်ရ အဘူမိုဟာမက် အာနာနီက မွတ်စလင်များ အနေဖြင့် အနောက်နိုင်ငံသား များကို ဖြစ်သည့်နည်းလမ်းဖြင့် တိုက်ခိုက်ကြရန် လှုံ့ဆော်သည့် ဗီဒီယို ထွက်ပေါ် လာသည့် နေ့တွင် ယခုကဲ့သို့ တိုက်ခိုက်မှုများ ဖြစ်ပေါ် လာခဲ့ခြင်း ဖြစ်သည်။

အီရတ်နှင့် ဆီးရီးယားရှိ အိုင်အက်စ်များကို အမေရိကန်ဦးဆောင်သည့် မဟာမိတ်များက လေ ကြောင်းမှ တိုက်ခိုက်ရာတွင် ယူအေအီးနိုင်ငံ က စက်တင်ဘာလမှ စတင် ပူးပေါင်းခဲ့သည်။

Ref: AFP
Mizzima - News in Burmese

No comments:

Post a Comment