Friday 19 December 2014

တစ်နိုင်ငံလုံးတွင် တစ်လလျှင် မုဒိမ်းမှု (၅၀) ကျော်ဖြစ်ပွား

၂၀၁၄-၂၀၁၅ ခုနှစ် ဘဏ္ဍာနှစ် ဧပြီလမှ နိုဝင်ဘာလ အတွင်း တစ်နိုင်ငံလုံးတွင် ပျမ်းမျှအားဖြင့် တစ်လ လျှင် မုဒိမ်းမှု (၅၀) ကျော် ဖြစ်ပွား နေပြီး၊ ယင်းထဲတွင် သက်ငယ် မုဒိမ်းမှုမှာ (၁၀) မှုကျော်ပါ နေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ (မှုခင်းဌာန) မှသိရသည်။ အဆိုပါ အမှု များမှာ ရဲစခန်းနှင့် အလှမ်း ကွာဝေးပြီး၊ မြို့နှင့် အလှမ်းဝေးသည့် ကျေးလတ် ဒေသ များတွင် အများဆုံး ဖြစ်နေကြောင်း သိရသည်။ 

မုဒိမ်းမှုတွေ ဖြစ်ပွားနေတယ် ဆိုပေမယ့် ပြီးခဲ့တဲ့နှစ်နဲ့ စာရင် နည်းနည်းလျော့ လာတယ်။ အတတ်နိုင်ဆုံး အကောင်းဆုံးတော့ ဒီအမှုတွေ မဖြစ်အောင် ဆောင်ရွက်နေ ပါတယ် ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ (မှုခင်းဌာန) မှ ဒုတိယ ရဲအုပ် တစ်ဦးက ပြောသည်။ ၂၀၁၄ ခုနှစ် နှစ်စမှ နိုဝင်ဘာလ အတွင်း မုဒိမ်းမှု စုစုပေါင်း (၅၆၆) မှု ဖြစ်ပွားခဲ့ ရာတွင် အဆိုပါ အမှုများ ထဲမှ (၂၀၀) ကျော်မှာ သက်ငယ် မုဒိမ်းမှုများ ဖြစ်ပြီး၊ ယင်းအမှုများမှာ ရန်ကုန် တိုင်းဒေသကြီးတွင် အများဆုံး ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ အမှုများ လျော့ကျရေး အတွက် ဖြစ်ပွားမှု အများဆုံး တိုင်းဒေသကြီး များနှင့် ပြည်နယ် များတွင် မိခင်နှင့် ကလေး စောင့်ရှောက်ရေး အဖွဲ့မှ အသိပညာပေး ဟောပြောပွဲများ၊ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း များကို ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ ထို့ပြင် ကာမ စိတ်ကြွဆေးများ၊ ညစ်ညမ်း ဗီဒီယို အခွေများ ရောင်းချမှု စသည် တို့ကိုလည်း လိုက်လံ ဖမ်းဆီး အရေးယူ သွားမည် ဖြစ်သည့် အပြင် အသိပညာပေး ဆောင်းပါး များကို သတင်းစာ ဂျာနယ်များ တွင်လည်း ဖော်ပြ သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

အဓိက မိန်းကလေးတွေ အနေနဲ့ တစ်ယောက်တည်း သွားတာတို့၊ မိခင် အနေနဲ့ ကလေးကို တစ်ယောက် တည်း ထားခဲ့တာတို့ မလုပ်ဖို့ လိုအပ်ပါတယ် ဟု ရန်ကုန်တိုင်း ဒေသကြီး မိခင်နှင့် ကလေး စောင့်ရှောက် ရေး အသင်းဝင် ဒေါ်အေးအေးမြင့်က သုံးသပ် ပြောသည်။ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ၂၀၁၁ ခုနှစ်တွင် မုဒိမ်းမှု (၆၀၅) မှု၊ ၂၀၁၂ ခုနှစ်တွင် (၆၅၄) မှု၊ ၂၀၁၃ ခုနှစ်တွင် (၇၃၄) မှုနှင့် ၂၀၁၄ ခုနှစ် (၁၁) လတွင်း (၅၆၆) မှု ဖြစ်ပွား ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှုခင်းဌာနမှ သိရသည်။

Messenger News Journal 

No comments:

Post a Comment