Friday 19 December 2014

ပဋိပက္ခများ မဖြစ်ပေါ်စေဘဲ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ငြိမ်းချမ်းစွာ ဖြတ်သန်းရန် ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ တိုက်တွန်း

ဘာသာရေးလူမျိုးရေး ပဋိပက္ခများ မဖြစ်ပေါ်စေဘဲ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ငြိမ်းချမ်းစွာ ဖြတ်သန်းရန် မြန်မာနိုင်ငံသို့ တိုက်တွန်းကြောင်း ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ (The Elders) ဒုတိယဥက္ကဋ္ဌ တာဝန် ထမ်းဆောင်နေသော နော်ဝေနိုင်ငံ ဝန်ကြီးချုပ်ဟောင်း မစ္စဂရိုဟာလမ် ဘရန့်တ်လန်းက ပြောကြားသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့ ရန်ကုန်မြို့တော်ရှိ ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်သော The Elders အဖွဲ့ သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

“မကြာခင် လာရောက်တော့မယ့် အထွေထွေရွေးကောက်ပွဲမှာ လူနည်းစုနဲ့ လူများစုအကြား ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေ မဖြစ်ပွားစေပဲနဲ့ ငြိမ်းချမ်းစွာ အတူနေထိုင်ပြီး ဖြတ်ကျော်နိုင်မှသာ မြန်မာ့နိုင်ငံရေး အတွက် အလားအလာ ကောင်းတာတွေ ဖြစ်ပေါ်မှာပါ” ဟု မစ္စဂရိုဟာလမ် ဘရန့်တ်လန်းက ဆိုသည်။

ထို့အပြင် အားလုံးပါဝင်သော ဖက်ဒရယ်နိုင်ငံသစ် တည်ဆောက်မှု စတင်နိုင်ရေးအတွက် မြန်မာနိုင်ငံ အတွင်း နှစ်ပေါင်း ၆၀ ကျော်ကြာ ဖြစ်ပွားနေသော တိုက်ခိုက်ခြင်းများကို အဆုံးသတ်ရန် The Elders အဖွဲ့က တောင်းဆိုကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ယင်းသို့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲသည် မြန်မာနိုင်ငံအတွက် အလားလာကောင်းများ ပေါ်ထွက် လာနိုင်သကဲ့သို့ စိန်ခေါ်မှုများစွာ ရှိနေသည်ကို သတိကြီးစွာထားပြီး ဖြတ်ကျော်ရန် သတိပေးခြင်း ဖြစ် ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။

“သူတို့အနေနဲ့ မြန်မာနိုင်ငံမှာ ဘာတွေဖြစ်ခဲ့တယ် ဆိုတာကိုလည်း သိနေသလို၊ ဘာတွေ ဆက်ဖြစ်လာနိုင် သလဲ ဆိုတာကိုလည်း သူတို့တွေ ဖြတ်ကျော်ခဲ့တဲ့ အတွေ့အကြုံတွေနဲ့ ယှဉ်ပြီး သတိပေးတဲ့သဘောလို့ ယူဆရ မှာပေါ့” ဟု ၎င်းကဆိုသည်။

The Elders အဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၂ ရက်မှ ၁၃ ရက်အတွင်း ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ချင်းမိုင်မြို့ တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ပြီး ဒီဇင်ဘာ ၁၄ ရက်နေ့တွင် မြန်မာ နိုင်ငံသို့ ရောက်ရှိခဲ့ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့နှင့် တွေ့ဆုံခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်တွင်း အရပ် ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း The Elders အဖွဲ့ထံမှ သိရသည်။

The Elders ကမ္ဘာ့ရပ်မိရပ်ဖကို ၂၀၀၇ ခုနှစ်တွင် တောင်အာဖရိက သမ္မတဟောင်း နယ်လဆင်မန်ဒဲလားမှ စုစည်းပေးလိုက်ခြင်း ဖြစ်ပြီး လွတ်လပ်သော ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပြီး ၎င်းတို့၏ အတွေ့အကြုံများနှင့် သြဇာလွှမ်းမိုးမှုများကို အသုံးပြုပြီး ကမ္ဘာတစ်ဝန်းလုံးတွင် ငြိမ်းချမ်းရေး၊ တရား မျှတမှုနှင့် လူ့အခွင်းအရေးများအတွက် လုပ်ဆောင်နေသော အဖွဲ့ဖြစ်သည်။

အဆိုပါအဖွဲ့သည် စက်တင်ဘာ ၂၄ ရက်မှ ၂၆ ရက်အတွင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး အဆိုပါ ခရီးစဉ်တွင် ပါဝင်ခဲ့သော ကမ္ဘာ့ရပ်မိရပ်ဖ အဖွဲ့ဝင်များမှာ ဂျင်မီကာတာ (အမေရိကန် သမ္မတ ဟောင်း၊ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်)၊ မာတီအာတီဆာရီ (ဖင်လန်နိုင်ငံ သမ္မတဟောင်း)၊ ဂရိုဟာလမ် ဘရန့်တ်လန်း (နော်ဝေနိုင်ငံ ဝန်ကြီးချုပ်ဟောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် ညွန်ကြားရေးမှူးချုပ်ဟောင်း) တို့ ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ အမျိုးသမီးတွေရဲ့ တန်းတူညီမျှမှု အခွင့်အရေးနှင့် ပါဝင်ပတ်သက်မှုမျာ အကြောင်း ပြောကြားရာတွင် “ကျွန်တော်တို့ ဒီခရီးစဉ်မှာ တွေ့ဆုံသူတွေကို မေးခဲ့တဲ့ မေးခွန်းကတော့ ဘယ်လိုဒီမိုကရေစီမျိုးကို မျှော်လင့်ပါသလဲဆိုတဲ့မေးခွန်းပဲ” ဟု ကမ္ဘာ့ရပ်မိရပ်ဖ ခေါင်းဆောင် ဂျင်မီကာတာ က ပြောကြားသည်။

ဂျင်မီကာတာသည် နိုင်ငံရေးအကျဉ်းသားများနှင့် ပတ်သက်ပြီး အောက်ပါအတိုင်း ပြောကြားသွားသည် “သမ္မတကြီး ကတိပေးခဲ့သလိုမျိုး ဒီနှင်ကုန်ပိုင်းမှာ နိုင်ငံရေးအကျဉ်းသား လုံးဝ မရှိလောက်တော့ဘူးလို့ ယုံကြည်ပါတယ်”

နော်ဝေနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ဂရိုဟာလမ် လရန့်တ်လန်းက မြန်မာနိုင်ငံတွင် ဘာသားရေးအုပ်စုများ များပြားခြင်းကို သတိထားမိပါကြောင်းနှင့် အစွန်းရောက်သူများ၏ အရိုးစွဲနေသော မုန်းတီးမှုတွေကို ဖျောက်ဖျက်ဖို့ရန်အတွက် နှစ်အတော်ကြာဦးမည် ဖြစ်ကြောင်း ပြောကြားသွားသည်။

The Voice Weekly 

No comments:

Post a Comment