Tuesday 4 November 2014

ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးရဲတပ်ဖွဲ့က ငွေဖြူ၊ ငွေမည်းနှင့် ပတ်သက်၍ ကုမ္ပဏီနှင့် အမှုပေါင်း ၄၆ မှုစစ်ဆေးပြီးဖြစ်သော်လည်း အရေးယူခံရသည့်ကုမ္ပဏီ မရှိသေး


ပြည်တွင်း၌ ငွေဖြူ၊ ငွေမည်းနှင့်ပတ်သက်၍ စစ်ဆေးခဲ့သည့်အမှုများနှင့် ကုမ္ပဏီစုစုပေါင်း ၄၆ မှုအား စစ်ဆေးပြီးခဲ့သော်လည်း အရေးယူခံရသည့်ကုမ္ပဏီ တစ်ခုမျှမရှိသေးကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် ရုံးမှ နိုဝင်ဘာ ၃ ရက်တွင် စုံစမ်းသိရသည်။

ငွေဖြူ၊ ငွေမည်းနှင့်ပတ်သက်သည့်စစ်ဆေးမှုများကို ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးရဲတပ်ဖွဲ့မှ စစ်ဆေးပြီး ထွက်ပေါ်လာသည့်ရလဒ်များကို ဗဟိုအဖွဲ့နှင့် တရားရုံးသို့ ဆက်လက်တင်ပြဆောင်ရွက် ရကြောင်း သိရသည်။

"ကုမ္ပဏီထူထောင်တာတွေ၊ ရင်းနှီးမြှုပ်နှံတာတွေနဲ့ပတ်သက်ပြီးတော့ မြှုပ်နှံတဲ့ငွေကြေးတွေက တရားဝင် ငွေကြေးတွေလား၊ တရားမ၀င်ရရှိထားတဲ့ငွေကြေးတွေလားဆိုတာကို စစ်ဆေးတာတွေရှိတယ်။ ဒါ့အပြင် အမှုတွေကနေ သိမ်းဆည်းထားတဲ့ ငွေကြေးတွေကိုလည်း စစ်ဆေးပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့ စစ်ဆေးပြီး သွားတဲ့ အမှုပေါင်း ၄၆ မှုရှိပါတယ်။ ဒါပေမဲ့ ငွေဖြူ၊ ငွေမည်းနဲ့ပတ်သက်ပြီးတော့ အရေးယူခံလိုက်ရတဲ့ ကုမ္ပဏီတွေ အခုအစိုးရသစ်လက်ထက်မှာ မရှိသေးဘူး။ ဟိုအရင်တုန်းကတော့ ယူနီဗာဆယ်ဘဏ်ကို မူးယစ်ဆေးဝါးနဲ့ရရှိတဲ့ ငွေကြေးတွေနဲ့ လည်ပတ်တယ်ဆိုပြီးတော့ အရေးယူခဲ့တာပဲ ရှိပါသေးတယ်" ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရုံးမှ အမည်မဖော်လိုသူ အဆင့်မြင့်ရဲအရာရှိကြီးတစ်ဦးက နိုဝင်ဘာ ၃ ရက် တွင် ပြောကြားသည်။

ထို့အပြင် လက်ရှိအချိန်၌ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေး ရဲတပ်ဖွဲ့အနေဖြင့် ငွေဖြူငွေမည်းနှင့် ပတ်သက် ၍ အမှု၊ ကုမ္ပဏီ စုစုပေါင်း ၁၃ ခုကို စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ "အရေးယူတဲ့အပိုင်းကိုတော့ ဗဟိုအဖွဲ့နဲ့ တရားရုံးက ဆောင်ရွက်ရမှာဖြစ်ပါတယ်။ စစ်ဆေးမှု တွေရဲ့ ထွက်ပေါ်လာတဲ့အချက်အလက်တွေကိုတော့ တာဝန်ရှိတဲ့သူတွေကို ဆက်လက်တင်ပြ ထားပါ တယ်" ဟု အမည်မဖော်လိုသူ အဆင့်မြင့်ရဲအရာရှိကြီးတစ်ဦးက ဆက်လက်ပြောကြားခဲ့သည်။

စိတ်ကြွဆေးပြားများ သိုလှောင်ဖြန့်ဖြူး ရောင်းချခြင်းများပြုလုပ်ခဲ့သည် Natural Force ကုမ္ပဏီပိုင်ရှင်၏ ဘဏ်များတွင် အပ်နှံထားသော ငွေကြေး၊ အိမ်များ၊ စက်သုံးဆီဆိုင်၊ ဆိုင်ခန်း၊ ဂိုဒေါင်၊ မော်တော်ယာဉ်များ အပါအ၀င် အခြားပိုင်ဆိုင်မှုများကို သိမ်းဆည်းရန် စတင်စစ်ဆေးနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ရုံးမှ သိရသည်။

AGD ဘဏ် အစုရှယ်ယာရောင်းဝယ်မှုနှင့်ပတ်သက်၍လည်း ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့မှ စုံစမ်းရရှိထားသည့်အချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများထံသို့တင်ပြထားပြီး ယနေ့အချိန်အထိ တရားဝင်ထုတ်ပြန်မှုမရှိသေးကြောင်း သိရသည်။

Eleven Medai Group

No comments:

Post a Comment