Tuesday 4 November 2014

၂၀၁၅ အာရှ အမျိုးသမီး ခြေစစ်ပွဲအဆင့် မှာ စမ်းသပ်ခံရမယ့် မြန်မာ ယူ ၁၉ အမျိုးသမီးအသင်း



မြန်မာ ယူ ၁၉ အမျိုးသား လက်ရွေးစင် အသင်း ရဲ့ အိမ်ရှင် အာရှ ယူ ၁၉ ပြိုင်ပွဲ ပြီးဆုံးသွားတဲ့နောက်မှာ အခုတစ်ခါ အလှည့်ကျလာတာ က မြန်မာ ယူ ၁၉ အမျိုးသမီးအသင်း ပဲ ဖြစ်ပါတယ်။


မြန်မာ ယူ ၁၉ အမျိုးသမီး အသင်း ဟာ လာမယ့် နိုဝင်ဘာလ (၅) ရက်နေ့ကနေ နိုဝင်ဘာလ( ၉) ရက်နေ့အထိ ထိုင်း နိုင်ငံမှာ ကျင်းပမယ့် ၂၀၁၅ အာရှ ယူ ၁၉ အမျိုးသမီး ပြိုင်ပွဲ ခြေစစ်ပွဲစဉ်တွေ ကို ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပြီး နောက်ဆုံး အဆင့် ပြိုင်ပွဲ ဆီ ရောက်ဖို့ အိမ်ရှင် ထိုင်း ယူ ၁၉ အမျိုးသမီး အသင်း ၊ တရုတ် ( တိုင်ပေ) ယူ ၁၉ အမျိုးသမီး အသင်း တွေ နဲ့ အုပ်စုပတ်လည် ယှဉ်ပြိုင်ကစားရ ဖြစ်ပါတယ်။

အာရှဘောလုံးအဖွဲ့ချုပ်( AFC) အနေနဲ့ အာရှတိုက်ဘောလုံးဖွံ့ဖြိုးရေး အစီအစဉ်တွေကို ချမှတ် လုပ်ဆောင်လျှက်ရှိရာမှာ လူငယ်အဆင့် ပြိုင်ပွဲတွေ ဖြစ်တဲ့ ယူ ၁၄၊ ယူ ၁၆၊ ယူ ၁၉၊ ယူ ၂၂ ပြိုင်ပွဲတွေ ကို အလှည့်ကျ ကျင်းပပေးလျှက်ရှိပါတယ်။ ဒီလို ကျင်းပပေးတဲ့ အခါမှာလည်း ယူ ၁၆ နဲ့ ယူ ၁၉ အတန်း တွေ မှာ နောက်ဆုံးအဆင့် ပြိုင်ပွဲ နဲ့ ကမ္ဘာ့အဆင့် ပြိုင်ပွဲ ကို ချိတ်ဆက်ပေးပြီး ဝင်ခွင့်( Qualifying) သတ်မှတ်ပေးထားတဲ့ အတွက် အတိုင်းအတာ တစ်ခုအထိ အဆင့်အတန်းရှိတယ်လို့ ဆိုနိုင်ပါတယ်။
ဒါပေမယ့် အာရှဘောလုံးလောက ရဲ့ ဖွံ့ဖြိုးမှု အဆင့်အတန်း အနိမ့်အမြင့် ကွာခြားချက် ကြီးမားလှတာ ကြောင့် အကြိမ်တိုင်းနီးပါး အာရှထိပ်သီးအသင်းတွေ သာ ကမ္ဘာ့အဆင့် ပြိုင်ပွဲ ကို သွားရောက်ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။

သို့သော်လည်း အာရှဘောလုံးအဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ ခြေစွမ်းပိုင်း ကွာဟချက် ရှိနေလင့် ကစား ခြေစစ်ပွဲအဆင့် တွေ မှာ ဝင်ရောက်ယှဉ်ပြိုင်ကစားနေကြတာ တွေ့ရပါတယ်။ အခုလည်း ၂၀၁၅ အာရှ ယူ ၁၉ အမျိုသမီး ပြိုင်ပွဲ ခြေစစ်ပွဲစဉ်များ အတွက် အာရှတိုက် ဇုန် အသီးသီး က အသင်းပေါင်း(၁၄) သင်း ပါဝင်ဆင်နွဲ ကြမှာ ဖြစ်ပါတယ်။ အဲဒီ အသင်းတွေ ကို ပြီးခဲ့တဲ့ ဇွန်လ (၁၇) ရက်နေ့ က အာရှဘောလုံး အဖွဲ့ချူပ်( AFC) ရုံး စိုက်ရာ မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့မှာ အုပ်စုခွဲဝေ သတ်မှတ် ခဲ့ပြီး ထုတ်ပြန်ပေး ခဲ့ပါတယ်။

အုပ်စုခွဲဝေထားမှု ကိုကြည့်မယ် ဆိုရင် လေးသင်းပါ နှစ်အုပ်စု နဲ့ သုံးသင်းပါ နှစ်အုပ်စု သတ်မှတ်ထားခဲ့ပြီး အုပ်စုတစ်ခု ချင်း စီ က အမှတ်အများဆုံး ရ ထိပ်ဆုံးတစ်သင်း သာ ခြေစစ်ပွဲအောင်မှာ ဖြစ်ပါတယ်။ အုပ်စု တစ်ခု စီက ခြေစစ်ပွဲအောင် အသင်း လေးသင်း ဟာ ပြီးခဲ့တဲ့ ၂၀၁၃ အာရှ ယူ ၁၉ အမျိုသမီး ပြိုင်ပွဲ မှာ ထိပ်ဆုံးလေးသင်း တက်ရောက်နိုင်ခဲ့တဲ့ လက်ရှိ ချန်ပီယံတောင်ကိုရီးယား ၊ မြောက်ကိုရီးယား၊ တရုတ်၊ ဂျပန် စတဲ့ ယူ ၁၉ အမျိုးသမီး အသင်းတွေ နဲ့ အတူ ၂၀၁၅ အာရှ ယူ ၁၉ အမျိုသမီး ပြိုင်ပွဲ ကို ဆင်နွဲကြမှာ ဖြစ်ပါတယ်။

အဲဒီ နောက်ဆုံးအဆင့် ပြိုင်ပွဲမှာ ဗိုလ်လုပွဲရောက် နှစ်သင်း နဲ့ တတိယ နေရာ ရ အသင်း တို့ဟာ ၂၀၁၆ ခုနှစ်မှာ ကျင်းပမယ့် ဖီဖာ ယူ ၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကို အာရှဇုန် ကိုယ်စားပြု ဝင်ရောက် ကစားခွင့်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရက်ပိုင်းအတွင်း ယှဉ်ပြိင်ကစားတော့မယ့် အာရှ ယူ ၁၉ ပြိုင်ပွဲ ခြေစစ်ပွဲ ဟာ ဖီဖာ ယူ ၂၀ အမျိုးသမီး ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် အာရှဇုန် ပထမ အဆင့် ခြေစစ်ပွဲ ဆိုရင် မှားမယ် မထင်ပါဘူး။

ခြေစစ်ပွဲဝင်မယ့် အသင်း တွေ ထဲမှာ မြန်မာ ယူ ၁၉ အမျိုးသမီး အသင်း ဟာ အထက်က ဆိုခဲ့သလို၊ အိမ်ရှင် ထိုင်း ယူ ၁၉၊ တရုတ်( တိုင်ပေ) အသင်း တွေနဲ့သာ ရင်ဆိုင်ရမှာ ဖြစ်တဲ့ အတွက် လေးသင်းပါ အုပ်စု ထက်စာရင် အနည်းငယ် အုပ်စုချောင် တယ်လို့ ထင်မှတ်ရပေမယ့် တစ်ပွဲလောက် အမှားလုပ်မိတာနဲ့ အခွင့် အရေး မရှိသလောက် ဖြစ်သွားနိုင်ပါတယ်။

အထူးသဖြင့် မြန်မာ ယူ ၁၉ အမျိုးသမီး အသင်းအတွက် ခြေစစ်ပွဲ အောင်ရေး မျှော်လင့်ချက် ဟာ အတိမ်းအစောင်းမခံ တဲ့ အခြေအနေ လို့ ဆိုရမှာပါ။ ဒါ့အပြင် လက်ရှိ မြန်မာ ယူ ၁၉ အမျိုးသမီး အသင်း မှာ မျက်နှာသစ် ကစားသမားအများစု ပါဝင်လာတဲ့ အတွက် အတွေ့အကြုံ ပိုင်း အားနည်းမှု က အဓိက ခြိမ်းခြောက်မှု ဖြစ်လာနိုင်တာ တွေ့ရပါတယ်။

ဒါပေမယ့် မြန်မာ ယူ ၁၉ အမျိုးသမီး အသင်း အတွက် ခြေစစ်ပွဲအောင် ရေး မျှော်လင့်ချက် က ခပ်ပါးပါး ရှိနေတယ်လို့ ပြောရမှာပါ။ အဲဒါ က ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ခြေစစ်ပွဲ မှာ တရုတ် (တိုင်ပေ) နဲ့ ထိုင်း အသင်း တွေ ကို နောက်ကောက်ချပြီး ခြေစစ်ပွဲအောင်ခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု ရလဒ်တွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ခြေစစ်ပွဲ မှာ မြန်မာ ယူ ၁၉ အမျိုးသမီး အသင်း ဟာ ခြေစစ်ပွဲအဆင့် ကို ပထမ အဆင့် က စတင်ခဲ့ရတာ ဖြစ်ပြီး အဲဒီပထမ အဆင့်မှာ တရုတ်( တိုင်ပေ) အမျိုးသမီး ယူ ၁၉ အသင်း ကို (၁-၃) ဂိုး နဲ့ အနိုင်ရခဲ့သလို၊ ဒုတိယ အဆင့် ထပ်မံတွေ့ဆုံစဉ်မှာလည်း (၁-၁) ဂိုးစီ သရေ ကစားနိုင်ခဲ့ပြီး နောက်ဆုံးအဆုံး အဖြတ် ပွဲစဉ်( Play Off) ကို တက်ရောက်နိုင်ခဲ့ပါတယ်။

နောက်ဆုံး အဆုံးအဖြတ် ပွဲစဉ် အဖြစ် ထိုင်း အမျိုးသမီး ယူ ၁၉ အသင်းနဲ့ ရင်ဆိုင်ခဲ့ပြီး ပွဲချိန် ( ၆၇) မိနစ် မှာ သွင်းယူတဲ့ လင်းဥမ္မာထွန်းရဲ့ တစ်လုံးတည်းသော ဂိုး နဲ့ နောက်ဆုံးအဆင့် ပြိုင်ပွဲ ဆီ အရောက် လှမ်းနိုင်ခဲ့ပါတယ်။

ဒါကြောင့် မြန်မာ၊ ထိုင်း၊ တရုတ်( တိုင်ပေ) တို့ရဲ့ တွေ့ဆုံမှု ဟာ စိတ်ဝင်စားဖို့ ကောင်းလှသလို၊ ဒီတစ်ကြိမ် မှာ ဘယ်အသင်း က အသာရမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာ အ သင်း အနေနဲ့ တရုတ်(တိုင်ပေ) အသင်း နဲ့ နိုင်ဝင်ဘာလ( ၅) ရက်နေ့မှာ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး နိုဝင်ဘာ (၉) ရက်နေ့ မှာ ထိုင်း အသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်ဇယား အရ ခြေစစ်ပွဲအောင်ဖို့ ကံကြမ္မာရဲ့ မျက်နှာသာ ပေးမှု ရခဲ့တယ်လို့ ပြောရမှာပါ။ ဘာကြောင့်လည်း ဆိုတော့ တရုတ်( တိုင်ပေ) အသင်း နဲ့ ပွဲအပြီး ထိုင်းနဲ့ မကစားရခင် ကြားမှာ သုံးရက်အနားရထားတဲ့ အတွက် ထိုင်း ကို အင်အားပြည့်ရင်ဆိုင်နိုင်မယ့် အနေအထားကို ပိုင်ဆိုင်ထားတဲ့ အတွက်ပါပဲ။

ထိုင်း ဟာ နိုဝင်ဘာ ( ၇) ရက်နေ့မှာ တရုတ်( တိုင်ပေ) နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ဆက်တိုက်ဆိုသလို နိုဝင်ဘာ ( ၉) ရက်နေ့မှာ မြန်မာ အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်တဲ့ အတွက် အနည်းငယ် ပွဲပန်းမှု ဒဏ် ကို ခံရနိုင်ချေ ရှိနေပြီး အဲဒီ အားနည်းချက် ကို မြန်မာ အမျိုးသမီးယူ ၁၉ အသင်းအနေနဲ့ အပြည့်အဝ အခွင့်အရေး ယူနိုင်ခဲ့မယ် ဆိုရင် အိမ်ပြန် မျက်နှာပန်း လှ နိုင်ဖွယ်ရှိနေပါတယ်။

ဒါ့အပြင် အာရှ ယူ ၁၉ ပြိုင်ပွဲ ကို အိမ်ရှင်လက်ခံကျင်းပပြီး ၂၀၁၅ ဖီဖာ ယူ ၂၀ ပြိုင်ပွဲ ကို ဝင်ခွင့်ရခဲ့တဲ့ မြန်မာ ယူ ၁၉ အသင်း ရဲ့ သမိုင်းဝင်အောင်ပွဲကြောင့် တစ်နွယ်ငင် တစ်စင်ပါဆိုသလို မြန်မာ့လက်ရွေးစင် အသင်းတွေ မှာ စိတ်ဓါတ်ပိုင်းယုံကြည်မှု က အနည်းနဲ့ အများ ကိန်းအောင်နေမယ်လို့ ယုံကြည်ရပါတယ်။ အဲဒီယုံကြည်မှု ဟာ မြန်မာ ဘောလုံးအဆင့်အတန်း တိုးတက်ရေး နဲ့ နိုင်ငံတကာ အဆင့် အောင်မြင်မှု ရရေး တွေမှာ မရှိမဖြစ် အရေးပါတဲ့ အခြေခံအကျဆုံး အချက်လည်း ဖြစ်ပါတယ်။
ဒါကြောင့် နဂိုကတည်း က စိတ်ဓါတ်ကောင်းမွန်မှု၊ နိုင်လိုစိတ် ထက်သန်ပြင်းပြမှု ရှိနေတဲ့ မြန်မာ အမျိုးသမီး အသင်းတွေ ရဲ့ အစဉ်အလာ အတိုင်း ဒီခြေစစ်ပွဲမှာ မြန်မာ ယူ ၁၉ အမျိုးသမီးအသင်း ဟာ စိတ်ဓါတ်ပိုင်း ယုံကြည်မှု အမြင့်ဆုံး အခြေအနေ ပွဲတိုင်း ကို အကောင်းဆုံး ကစားနိုင်လိမ့်မယ် လို့  သုံးသပ်ရပါတယ်။

မြန်မာ ယူ ၁၉ အမျိုးသမီး အသင်းကို နေရှင်နယ်လိဂ် အသင်း တစ်သင်း ဖြစ်တဲ့ မနောမြေ အသင်း နည်းပြဟောင်း ဦးဝင်းမြင့်သွင် ဦးဆောင်ပြီး ခြေစစ်ပွဲ ကို ယှဉ်ပြိုင်ကစားမှာပါ။ ဦးဝင်းမြင့်သွင် ဟာ ယခင် ယူ ၁၉ အမျိုးသမီး အသင်း နည်းပြဟောင်း မင်ကော့စကီး ထွက်ခွါ သွားတဲ့ နောက် ယခုနှစ် ထဲမှာ နည်းပြချူပ် အဖြစ် ပြောင်းလဲတာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

အထူးသဖြင့် မနောမြေ အသင်းကို ကိုင်တွယ်ခဲ့စဉ်က နေရှင်နယ်လိဂ် ထိပ်သီးအသင်းတွေ ကို အခက်တွေ့ အောင် ကစားနိုင်ခဲ့တဲ့ သူ့ရဲ့ နည်းစနစ် တွေ က လေးစားလောက်ဖွယ် အနေအထား ရှိပေမယ့် လက်ရွေး စင် အသင်း တစ်သင်း နဲ့ ပထမ ဆုံး ပွဲထွက်လာမယ့် အခြေအနေ ကို စောင့်ကြည့်ရမယ့် သဘောမှာ ရှိပါတယ်။

ဒါ့အပြင် မြန်မာ ယူ ၁၉ အမျိုးသမီး ကို ၂၀၁၃ ခုနှစ်အကြိမ်မှာ ခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ပေးခဲ့တဲ့ ဂျပန် လူမျိုး နည်းပြ ကုမာဒါ နောက်ပိုင်း ၂၀၁၅ ခုနှစ် အတွက် ဒုတိယ အကြိမ် ခြေစစ်ပွဲအောင်မြင် ဖို့ စွမ်းဆောင်ပေးရမယ့် ဖိအားတွေ ရှိနေနိုင်ပါတယ်။

မြန်မာ ယူ ၁၉ အမျိုးသမီး အသင်း ရဲ့ နောက်ဆုံး လူစါရင်း ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ( ၁) ရက်နေ့ က ထုတ်ပြန်ပေးခဲ့တာ တွေ့ရပါတယ်။ အသင်း ရဲ့ လူစါရင်း မှာ ပြီးခဲ့တဲ့ အာဆီယံ အမျိုးသမီး ယူ ၁၉ ပြိုင်ပွဲ ဝင် အသင်း က ကစားသမား တွေ ပြန်လည် ပါဝင်လာခဲ့တာ တွေ့ရပါတယ်။ သန္တာဦး(ဂိုး)၊ချစ်ချစ်၊ ခိုင်သဇင်၊ ငယ်ငယ်ထွေး၊ လဲ့လဲ့လှိုင်၊ စုနန္ဒာ၊ မေဇင်ထွန်း၊ ဝေဇင်နှင်း၊ ရှုပါခိုင်၊ မေစပယ်ဖူး၊ သိမ့်ကိုကို၊ နီလာဝင်း၊ ဖြူနှင်းသွယ်၊ ကေဇင်မြင့် စတဲ့ အမာခံ ကစားသမားတွေ ပြန်လည်ပါဝင်ခဲ့ပါတယ်။

ဒီ ကစားသမားတွေ ဟာ တိုင်းဒေသကြီး နဲ့ ပြည်နယ် အဆင့် က ရွေးထုတ်ထားတဲ့ ကစားသမားတွေ ပါဝင်သလို၊ အားကစားဝန်ကြီးဌာန၊ ပြည်ထဲရေး၊ မြဝတီ စတဲ့ ကလပ်အသင်းတွေ က ကစားသမားတွေ လည်း ပါဝင်နေတာ တွေ့ရပါတယ်။

အထူးသဖြင့် မြန်မာ အမျိုးသမီးဘောလုံးလောက ဟာ အာဆီယံဒေသတွင်းမှာ အတိုင်းအတာ တစ်ခု အထိ စောပေမယ့် ဖွံ့ဖြိုးမှု အပိုင်းမှာတော့ ထိုင်း နဲ့ ဗီယက်နမ် နောက်ကို ရောက်သွားခဲ့တာ တွေ့ရပါတယ်။ ဒီလို ဖြစ်ရတဲ့ အကြောင်းအရင်း က ပြည်တွင်းမှာ အမျိုးသမီးဘောလုံး ပြိုင်ပွဲတွေ စနစ်တကျ ကျင်းပပေးနိုင်မှု မရှိခြင်းနဲ့ မျိုးဆက်သစ် ကစားသမားထွက်ပေါ်မှု အားနည်းခြင်းတွေကြောင့် လို့ ဆိုရမှာပါ။ ဒါ့အပြင် အမျိုးသမီး ကစားသမားတွေ အနေနဲ့ ပြည်တွင်းမှာ စဉ်ဆက်မပြတ် ယှဉ်ပြိုင်ရမယ့် ( လိဂ်) ပြိုင်ပွဲ အဖြစ် သတ်သတ် မှတ်မှတ် မရှိတဲ့ အတွက် စုပေါင်းလေ့ကျင့် ၊ နှစ်ဖက် ခွဲကစား ဆိုတာမျိုးနဲ့ ပြီးနေခဲ့ရပါတယ်။ ဒါကြောင့် ပြိုင်ပွဲ အတွေ့အကြုံ ပိုင်းမှာ ထိုင်း နဲ့ ဗီယက်နမ် ကစားသမားတွေ ကို ယှဉ်နိုင်ခြင်း မရှိပဲ အဆုံးအဖြတ်ပွဲတွေ ရောက်တိုင်း အမြဲမြဲလိုလို နောက်ကောက်ချခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာ ယူ ၁၉ အမျိုးသမီး အသင်း အတွက် ၂၀၁၅ အာရှ ယူ ၁၉ အမျိုးသမီးဖလား ပြိုင်ပွဲ ကို နှစ်ကြိမ်ဆက် ကစားခွင့်ရဖို့ ထိုင်း နိုင်ငံ ခြေစစ်ပွဲစဉ်တွေ က အဆုံးအဖြတ်ပေးတော့မှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ရင်ဆိုင်ရမယ့် အသင်းတွေ ဟာ အာရှ အဆင့် နဲ့ ဒေသတွင်း အဆင့် ပြိုင်ပွဲတွေ မှာ ရင်ဆိုင်တွေ့ဆုံးဖူးတဲ့ ပြိုင်ဖက်ဟောင်း အသင်းတွေ ဖြစ်ပြီး တစ်သင်းအကြောင်း တစ်သင်း နောကျေအောင် သိနေတဲ့ အသင်းတွေ ဖြစ်ပါတယ်။

ဒါ့အပြင် အုပ်စု ဗိုလ် တစ်သင်း သာ ခြေစစ်ပွဲ အောင်မယ့် အနေအထား အရ ပွဲတိုင်း ဟာ အကြိတ်အနယ် ရှိနေမှာ ဖြစ်ပြီး ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေနဲ့ နောက်ဆုံးအချိန်အထိ စောင့်ကြည့်ရမယ့် ပွဲစဉ်တွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် ပြည်ပ နည်းပြ ရဲ့ ဦးဆောင်မှု နဲ့ ၂၀၁၃ ခုနှစ် ခြေစစ်ပွဲ အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက်မှာ ပြည်တွင်းနည်းပြ နဲ့ ၂၀၁၅ ခြေစစ်ပွဲ ကို ဖြတ်သန်း ရမယ့် မြန်မာ အမျိုးသမီး ယူ ၁၉ အသင်း ကို စောင့် ကြည့်ရမှာ ဖြစ်ပါကြောင်း။။။

Mizzima Sport News

No comments:

Post a Comment