Tuesday 4 November 2014

ရန်ကုန်မြို့တော်၌ ယာဉ်ကြောပိတ်ဆို့မှု ခြောက်လအတွင်း ဖြေရှင်းမည်ဟုဆို

ဆိုးရွားစွာ ဖြစ်ပေါ်နေသည့် ယာဉ်ကြောပိတ်ဆို့မှုများ လျော့ကျရန် လာမည့် သုံးလမှ ခြောက်လအတွင်း ဖြေရှင်းဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်း၊ တံတား) ဌာနမှူး ဦးတင်မောင်ကြည်က ပြောကြားသည်။

ယာဉ်ကြောပိတ်ဆို့မှု လျော့ကျရေးအတွက် ကာလတို စီမံချက်ဖြစ်သည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်ဦးရေ တိုးမြှင့်ချထားခြင်း၊ အလိုအလျောက်စနစ် မီးပွိုင့် ၇၅ ခု တပ်ဆင်ခြင်း၊ ခုံးကျော်တံတားများ တည်ဆောက် ခြင်း နှင့် လမ်းချဲ့ထွင်ခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အလိုအလျောက် ထိန်းချုပ်စနစ် မီးပွိုင့် ၇၅ ခုအနက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီက ထောက်ပံ့ကူညီသည့် မီးပွိုင့် ၁၀ ခု၏ လိုအပ်သော ပစ္စည်းကိရိယာများ ရန်ကုန်မြို့သို့ ရောက် ရှိပြီး ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းရေး ကာလရှည်စီမံချက်အဖြစ် ရန်ကုန်မြို့တွင်း ပတ်လမ်းနှင့် မြို့ပြင်ပတ်လမ်း ကို တည်ဆောက်ရန် စီစဉ်လျက်ရှိပြီး မိုးပျံလမ်းများလည်း ပါဝင်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

“ပြီးခဲ့တဲ့ နှစ်ကစပြီး ဒီအစီအစဉ်တွေကို စတင်ဆွဲနေတာပါ” ဟု ဦးတင်မောင်ကြည်က ဆိုသည်။

အနာဂတ် ရန်ကုန်မြို့တွင်း ပတ်လမ်းသည် မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းခွဲမှ မြောက်ဥက္ကလာ၊ တောင် ဥက္ကလာ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ အလုံ၊ ကြည့်မြင်တိုင်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ အင်းစိန်မြို့နယ် တို့ကို ဖြတ်သန်း၍ မင်္ဂလာဒုံမြို့နယ်တွင် ပြန်လည် အဆုံးသတ်မည် ဖြစ်ကြောင်း အင်ဂျင်နီယာဌာန (လမ်း၊ တံတား) ၏ ကာလရှည် စီမံချက်များအရ သိရသည်။

ရန်ကုန်မြို့တွင်းပတ်လမ်း၊ မြို့ပြင်ပတ်လမ်းများနှင့် မိုးပျံလမ်းများအတွက် ကုန်ကျငွေသည် အမေရိကန် ဒေါ်လာ ဘီလီယံနှင့်ချီ၍ ကုန်ကျမည် ဖြစ်ကြောင်း အင်ဂျင်နီယာဌာန (လမ်း၊ တံတား) ၏ ကနဦး တွက်ချက်မှု များအရ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်က ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် ပြုလုပ်သော အများပြည်သူ သွားလာမှု လွယ်ကူစေရေး အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတသည် ယာဉ်ကြောပိတ်ဆို့မှုကို သုံးလအတွင်း ဖြေလျှော့ရန် ဆန္ဒရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဆိုသည်။

The Voice Weekly

No comments:

Post a Comment