Friday 19 September 2014

ဘားအံမြို့နယ် ၈၈ ငြိမ်း/ပွင့် အဖွဲ့ဝင် ၁၄ ဦး နုတ်ထွက်

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (ဘားအံ) အဖွဲ့ဝင် ၁၄ ဦး သည် အမည်ဆင်တူရိုးမှားအဖွဲ့ တစ်ခုကြောင့် ငြိမ်း/ပွင့် ပုံရိပ် ထိခိုက်သဖြင့် စက်တင်ဘာ ၁၆ ရက် က နုတ်ထွက်ခဲ့ကြသည်ဟု ကာယကံရှင် ကိုကျော်ခက မဇ္ဈိမကို ပြောသည်။
နုတ်ထွက်ရခြင်းမှာ ၈၈ မျိုးဆက် ညီနောင်ပါတီ (ဒီအေးလွင်) အဖွဲ့မှ ခွဲထွက်လာသော ၈၈ မျိုးဆက် ကရင် ကျောင်းသားအဖွဲ့က ဘားအံမြို့နယ်ရှိ ဒေသခံ လယ်သမားများထံမှ အခကြေးငွေယူ၍ လယ်ယာမြေ ကိစ္စ ဖြေရှင်းဆောင်ရွက်ပေးနေမှု ကြောင့်ဖြစ်သည်ဟု ၎င်းက ပြောသည်။

၈၈ မျိုးဆက်၊ ငြိမ်း/ပွင့်က ဘားအံ ၈၈ မျိုးဆက် ကရင်ကျောင်းသားအဖွဲ့သည် မိမိတို့နှင့် သက်ဆိုင်ခြင်းမရှိ ဟု သတင်းထုတ်ပြန်ထားသော်လည်း ဆင်တူရိုးမှား အမည်ကြောင့် ပြည်သူတို့ အထင်လွဲစရာများ ဖြစ်နေ သည်ဟု ကိုကျော်ခက ပြောသည်။

“သူတို့ ဒီလိုလုပ်တာ ကျွန်တော်တို့ ၈၈ မျိုးဆက် ငြိမ်း/ပွင့်ရဲ့ ပုံရိပ်ကို အများကြီးထိခိုက်တယ်။ ကျွန်တော် တို့ကို သူတို့နဲ့ တစ်ဖွဲ့တည်းဆိုပြီးတော့ ဒေသခံတွေကမြင်တယ်။ ဒီကိစ္စကို ဖြေရှင်းရတာလည်း များနေပြီ။ ၈၈ ငြိမ်း/ပွင့်အနေနဲ့ ဘားအံမှာ ရပ်တည်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး” ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့အခြေစိုက် ငြိမ်း/ပွင့် ခေါင်းဆောင်အချို့နှင့် ရုံးချုပ်သို့ ယင်းနှင့်စပ်လျဉ်း၍ သီးခြားအတည်ပြုရန် မဇ္ဈိမက ကြိုးပမ်းသော်လည်း မရပေ။

Mizzima - News in Burmese

No comments:

Post a Comment