Friday 19 September 2014

မန္တလေးတိုင်းရှိ တရားရုံးများတွင် မီဒီယာခန်းများ ထားရှိမည်ဟုဆို

နှစ်ပေါင်း ၅၀ ကျော်ကြာ ပျောက်ကွယ်နေသည့် တရားရုံး သတင်းရယူရေး မီဒီယာခန်းများကို မန္တလေး တိုင်းဒေသကြီးရှိ တရားရုံးများတွင် မီဒီယာများ သတင်းရယူနိုင်ရေးအတွက် မီဒီယာခန်း (Media Corner) များ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး တရားရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးကျင်တင် က ပြောကြားသည်။
ယင်းသို့ တရားရုံးများတွင် သတင်းသမားများ တရားရေးဆိုင်ရာ သတင်းများ တရားဝင် ရယူနိုင်စေရေး အတွက် တိုင်းဒေသကြီးအတွင်းရှိ တရားရုံးများတွင် သတင်းမီဒီယာခန်းများ ပြုလုပ်ရန် ပြည်ထောင်စု တရားလွှတ်တော်သို့ တင်ပြထားရာ ယခုနှစ်အတွင်း အဆိုပါအခန်းများ ထားရှိပေးသွားနိုင်မည် ဖြစ်ကာ အဆိုပါ သတင်းမီဒီယာ ခန်းမများတွင် သတင်းသမားများ သတင်းယူစဉ်အတွင်း လိုက်နာရမည့် ကျင့်ဝတ် များကိုပါ ထုတ်ပြန်ပေးထားမည် ဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။

“ဒီနှစ်အတွင်း ဖြစ်ပါလိမ့်မယ်။ ပြည်ထောင်စု တရားလွှတ်တော်ကို တင်ထားတယ်။ ညွန်ကြားချက် မရသေး ဘူး” ဟု ၎င်းကဆိုသည်။ သတင်းသမားများ အနေနှင့် တရားရုံး သတင်းများ ရယူနိုင်ရန်အတွက် မိမိအစီအစဉ်ဖြင့် စောင့်ကြည့် လုပ်ဆောင်နေရပြီး အမှုနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကိုလည်း လက်ရှိအချိန်အထိ တရားရုံးမှ တောင်းယူကြည့်ရှုခွင့် မရသေးကြောင်း၊ မီဒီယာခန်းများ ဖွင့်လှစ်ပေးမည် ဆိုသည်ထက် အဆိုပါ မီဒီယာခန်းများသည် သတင်းထောက်များအတွက် မည်မျှလွတ်လပ်စွာ သတင်းယူခွင့် ရှိမည် ဆိုသည်က အရေးကြီးကြောင်း မန္တလေးမြို့တော် အခြေစိုက် မန္တလေးခေတ်ဂျာနယ် အယ်ဒီတာချုပ် ဦးမင်းဒင်က သုံးသပ် ပြောကြားသည်။

“၁၉၆၂ ရှေ့ပိုင်းတုန်းက တရားရုံးတွေမှာ သီးခြားသတင်းယူဖို့ အခန်းတွေ ရှိခဲ့တယ်။ အမှုတွဲကိုလည်း ဖတ်ခွင့်ရှိတယ်။ လွှတ်တော်မှာ ဆရာဖိုးသောကြာနဲ့ အဲ့ဒီကိစ္စ ဆွေးနွေးခဲ့ဖူးတယ်။ အဲ့ဒီတုန်းက တရားရေးအဖွဲ့တွေ မတွေ့ခဲ့လို့ အဖြေတစ်ခု မရခဲ့ဘူး။ လာမယ့် မဏ္ဍိုင်လေးရပ် ဆွေးနွေးပွဲမှာတော့ အဲ့ဒီကိစ္စ ထပ်ဆွေးနွေးသွားဖို့ ရှိတယ်။ အခုမန္တလေးက တရားရုံးတွေမှာ အခန်းတွေ ထားပေးမယ် ဆိုတော့ ကောင်းမွန်တဲ့ အပြောင်းအလဲ တစ်ခုလို့ မြင်ပါတယ်” ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးဇော်သက်ထွေးက ဆိုသည်။

မန္တလေးတိုင်းဒေသကြီး အတွင်း လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် တရားရုံးအသစ်များ ထပ်မံ တည်ဆောက်သွားမည် ဖြစ်ပြီး ယင်းသို့ တရားရုံးသစ်များ တည်ဆောက်နိုင်ရေးအတွက် ဘတ် ဂျက်ငွေ တောင်း ခံ ထားကြောင်း မန္တလေးတိုင်းဒေသကြီး တရားရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးကျင်တင် က ထပ်လောင်း ပြောကြားသည်။ 

လက်ရှိ တိုင်းဒေသကြီးအတွင်းရှိ တရားရုံးများသည် ကျဉ်းမြောင်းနေခြင်းကြောင့် အမှုရင်ဆိုင်နေရသည့် အမှုသည်များ ဝင်ထွက်သွားလာရန်နှင့် အမှုအတွက် ကြားနာရန် သင့်လျော်သော နေရာမရှိခြင်းများကြောင့် တိုင်းဒေသကြီးအတွင်း တရားရုံးများ အသစ်ဆောက်မည် ဆိုပါက ပေ ၄၀ ပေ ၃၀ အကျယ် အဆောက်အအုံများသာ ဆောက်လုပ်ရန် ညွှန်ကြားထားကြောင်း ၎င်းက ထပ်မံဆိုသည်။

ယင်းသို့ တရားရုံးများ ကျဉ်းမြောင်းသည့် အပြင် တရားခံများကို သက်ဆိုင်ရာ အချုပ်ခန်းများမှ ခေါ်ယူလာပြီး တရားရုံးတွင် ခေတ္တချုပ်နှောင်ထားစဉ် တရားရုံး အချုပ်ခန်းများ ခိုင်ခံ့မှု အားနည်းသဖြင့် တရားခံများ ထွက်ပြေးသည့် သာဓကများလည်း ရှိကာ တရားရုံး အချုပ်ခန်းများကို တရားရုံးမှ ဆောက်လုပ် ရမည် ဖြစ်သော်လည်း ဆောက်လုပ်ပေးခြင်း မရှိသည့်အတွက် အဆိုပါ အချုပ်ခန်းများ ခိုင်ခံ့မှု ရှိစေရေး အတွက် ရဲတပ်ဖွဲ့အနေနှင့် ဆောက်လုပ်ပေးရန်အတွက် ပြည်ထဲရေး ဝန်ကြီးဌာနသို့ ဘတ်ဂျက် တင်ပြ တောင်းခံထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းတွင် သုံးနှစ်အထက် တရားမမှု ၂၀ ကျော် နှင့် ခြောက်လအထက် ရာဇဝတ်မှု ၃၀ ကျော်ရှိပြီး ခရိုင်တရားရုံး ရှစ်ရုံး၊ မြို့နယ်တရားရုံး ၃၃ ရုံး ရှိကြောင်း တရားရေးဦးစီးဌာန ညွန်ကြားရေးမှူးရုံး မှတ်တမ်းများအရ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment