Friday 1 August 2014

အစိုးရနှင့် ဆွေးနွေးရာတွင် လိုင်ဇာအစည်းအဝေးများ၏ ဆုံးဖြတ်ချက်ကို ကိုင်စွဲကာ တိုင်းရင်းသားများလိုလားသည်များကို မပေါ့သွားအောင် သတိထားဆောင်ရွက်ရန် NCCT အဖွဲ့ကို KIO ဥက္ကဋ္ဌ မေတ္တာရပ်ခံ

အစိုးရနှင့် ဆွေးနွေးရာတွင် လိုင်ဇာအစည်းအဝေးဆုံးဖြတ်ချက်များကို လက်ကိုင်ထားကာ တိုင်းရင်းသား များလိုလားသည်များကို မပေါ့သွားအောင် သတိထားဆောင်ရွက်ရန် ဇူလိုင် ၃၁ ရက်က ကချင်ပြည်နယ် လိုင်ဇာမြို့၌ ပြုလုပ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည့် KIO ဥက္ကဌ ဦးဇောင်းဟရားက NCCT အဖွဲ့ကို  မေတ္တာရပ်ခံခဲ့သည်။

အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့သည် တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်ရပ်စဲရေးမူကြမ်းအား အချောသပ်နိုင်ရန် လာမည့် ဩဂုတ် ၃ ရက်တွင် မြစ်ကြီးနားမြို့၌ အလွတ် သဘောဆွေးနွေးမှု ပြုလုပ်မည်ဖြစ်ကာ ဇူလိုင် ၁၂ ရက်မှစတင်ကာ ရန်ကုန်မြို့၌ တရားဝင်ဆွေးနွေး သွားမည်ဟု သတင်းများထွက်ပေါ်နေသည်။

ဦးဇောင်းဟရားက “ကျွန်တော်တို့ရဲ့ကိုယ်စား ကျွန်တော်တို့ရဲ့ NCCT အနေနဲ့ အခု ဒီအစည်းအဝေးမှာသော် လည်းကောင်း လွန်ခဲ့တဲ့အစည်းအဝေးမှာသော်လည်းကောင်း ကျွန်တော်တို့ဆုံးဖြတ်ထားတဲ့ အချက်အလက် တွေကို လက်ကိုင်ထားပြီးမှ နိုင်ငံတော်အစိုးရနဲ့ ဆွေးနွေးတဲ့အခါမှာ မလျှော့တမ်းဆွေးနွေးတင်ပြသွားဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုပါတယ်”ဟု ပြောကြားသည်။

အစိုးရအနေဖြင့် တိုင်းရင်းသားများ၏ တင်ပြချက်များကို ပေါ့သွားအောင်နည်းမျိုးစုံ နှင့် လုပ်နိုင်သောကြော င့်ဖြစ်ကြောင်း၊ ဥပမာ အပစ်ရပ်စဲရေးမူကြမ်းတွင် တိုင်းရင်းသားများဘက်က ထည့်သွင်းထားသည့် တော်လှန်ရေး ဆိုသည့် စကားလုံးကို မထည့်ဘဲလုပ်ဆောင်ရန်၊ စစ်ပွဲဆိုသည့်နေရာတွင်  တိုက်ပွဲဆို သည့် စကားလုံးနှင့်ပြောင်းလဲရန် စီစဉ်နေခြင်းတို့ရှိနေသည်ဟု ၎င်းက ပြောကြားသည်။

“အခုဆက်လက်ပြီး ဆွေးနွေးသွားတဲ့နေရာမှာ ကျွန်တော်တို့ရဲ့လိုလားချက် ကျွန်တော်တို့ရဲ့ တင်ပြချက်တွေ မပေါ့သွားအောင် မလျော့သွားအောင် ဒါကိုလည်း NCCT အနေ နဲ့ သတိထားပြီးမှ ကိုင်တွယ် လုပ်ဆောင် သွားဖို့ ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံလိုပါတယ်” ဟု ဦးဇောင်းဟရားက ဆိုသည်။

KIO ဥက္ကဌသည် အစည်းအဝေးတွင် KIO အဖွဲ့၏ မူဝါဒသဘောထားများ၊ အပစ်ရပ်စဲရေးဆောင်ရွက်မှု နှင့်ပတ်သက်ပြီး ၎င်းတို့ ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကို ရှင်းလင်းခဲ့ရာ လက်ရှိကျင့်သုံးနေသော ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို KIO အဖွဲ့ မှ လက်မခံကြောင်းနှင့် တိုင်းရင်းသားပြည်သူများအားလုံး လက်ခံနိုင်သည့် အခြေခံဥပဒေကို ရေးဆွဲခြင်းသည်သာ အကောင်းဆုံးဟု ပြောကြားသည်။

ထို့ကြောင့် အခြေခံဥပဒေပြုပြင်ရေး၊  တိုင်းရင်းသားလူမျိုးစုတွေတင်ပြထား သည့် တန်းတူရေးကိုယ်ပိုင်အုပ်ချုပ်ရေး ကိုယ်ပိုင် ပြဌာန်းရေး၊ ဒီမိုကရေစီရေးနှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ မူကိုချပြကာ ပြည်သူလူထု၏ ထောက်ခံအားပေးမှုရရှိအောင် လုပ်ဆောင်ရန်လိုသည်ဟု ဦးဇောင်းဟရားက ပြောကြားသည်။ “ကျွန်တော်တို့လိုချင်တဲ့ ဖက်ဒရယ်မူရရှိအောင် ကျွန်တော်တို့အနေနဲ့ တင်ပြဆွေးနွေးပြီးမှ အစိုးရနဲ့ ညှိနှိုင်းသွားမှာ ဖြစ်ပါတယ်”ဟု ဦးဇောင်းဟရားက ဆိုသည်။

ထို့ကြောင့် NCCT အဖွဲ့မှာ အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆောင်ရွက်ရန် ညှိနှိုင်းရမည့် တာဝန်အပြင် အပစ်ရပ်စဲရေးလုပ်ငန်းစဉ်တွင် အဖွဲ့ဝင်မဟုတ်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါဝင်နိုင်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာမူဘောင်ရေးဆွဲရေး၊ လုပ်ငန်းစဉ်အတွက် လိုအပ်သည့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းနိုင်ရေး စသည့်တို့ကို လုပ်ပိုင်ခွင့်ပေးအပ်ထားကြောင်း သိရ သည်။

Eleven Media Group 

No comments:

Post a Comment