Friday 1 August 2014

ဗီဇာအတုဖြင့် မလေးရှားသို့ ဝင်ရောက်သည့် မြန်မာ ၅၀ ကျော် ပြန်လွတ်မြောက်ရေး မြန်မာသံရုံး ကြိုးပမ်းဟုဆို

မြန်မာနိုင်ငံက တရားမဝင် အလုပ်အကိုင် ကုမ္ပဏီက ပြုလုပ်စေလွှတ်လိုက်သည့် သံရုံး ဗီဇာအတုများဖြင့် မလေးရှားနိုင်ငံသို့ ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား ၅၀ ကျော် အမြန်ဆုံး လွတ်မြောက်ရန် သံတမန် နည်းလမ်းဖြင့် ဆောင်ရွက်နေကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

မလေးရှားနိုင်ငံသို့ Visit Visa ဖြင့် ဇူလိုင်လ ၈ ရက်နေ့က လာရောက်သည့် မြန်မာနိုင်ငံသား ၇၅ ဦးအနက် ကွာလာလမ်ပူ လေဆိပ်တွင် ဖမ်းဆီးခံရသူ ၅၁ ဦးသည် သံရုံးဗီဇာအတုဖြင့် ဝင်ရောက်လာသူများ ဖြစ်သဖြင့် ၎င်းတို့ ပြန်လည် လွတ်မြောက်ရေးအတွက် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း အထက်ပါအရာရှိက ဆိုသည်။

အဆိုပါ ၇၅ အနက် ပွဲစားသုံးဦးကို မလေးရှားအစိုးရက လူကုန်ကူးမှု ဥပဒေဖြင့် တရားစွဲဆိုထားပြီး ဗီဇာအတုဖြင့် ဝင်လာသည့် မြန်မာ ၅၁ ဦးကိုမူ မလေးရှား လူဝင်မှုကြီးကြပ်ရေး ဥပဒေနှင့် အရေးယူခံရမည် ဖြစ်ကြောင်း မြန်မာသံရုံးထံမှ သိရှိရသည်။

“အပြစ်မဲ့ မြန်မာနိုင်ငံသားတွေ (ဗီဇာအတုဖြင့် လာသူ ၅၁ ဦး) အမြန်ဆုံး ပြန်လွှတ်ပေးဖို့ သံတမန် နည်းလမ်း အရ စာပို့ထားတယ်” ဟု အဆိုပါ အကြီးတန်းအရာရှိက ရှင်းပြသည်။

မြန်မာနိုင်ငံသား ၇၂ ဦးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် Show Money ပြရန် ထုတ်ပေးထား သည့် ပိုက်ဆံများကို ကွာလာလမ်ပူ လေဆိပ်သို့ ရောက်သည့်အချိန်တွင် ပွဲစားက ပြန်သိမ်းနေသဖြင့် လေဆိပ် တာဝန်ရှိသူများက စစ်ဆေးရာ လူကုန်ကူးမှု၊ ဗီဇာအတု ကိစ္စများ ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

သံရုံး ပြောဆိုချက်နှင့် မလေးရှားရောက် မြန်မာလူမှုအဖွဲ့အစည်းများ၊ ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင် များ၏ ပြောဆိုချက် အနည်းငယ် ကွာဟနေသည်။

ကပုန်း ၇ ရက် သားသမီး နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်း၏ အဆိုအရမူ မြန်မာနိုင်ငံသား ၈၅ ဦး ဖမ်းဆီးကာ နိုင်ငံတော်တံဆိပ် အတုပြုလုပ်မှုဖြင့် အမှုဖွင့်ခံထားရပြီး သြဂုတ်လ ၁၂ ရက်နေ့တွင် စီရင်ချက် ချမှတ်မည် ဖြစ်သည်ဟု The Voice သို့ ပြောဆိုထားသည်။ 

“ပွဲစား သုံးယောက်ကတော့ ပိုက်ဆံပေးပြီး လွတ်အောင်လုပ်ဖို့ ကြိုးစားနေတယ်လို့ သတင်းရတယ်” ဟု ၎င်းကဆိုသည်။ ဇူလိုင်လ ၃၁ ရက်နေ့ ညပိုင်းကလည်း ဗီဇာအတုဖြင့် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား လေးဦး ထပ်မံ ဖမ်းဆီးခံရသည်ဟု ဦးဆန်းဝင်းက ပြောဆိုသည်။

ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားများကို ရန်ကုန်မြို့တော် ၃၈ လမ်းရှိ စုမြတ်အမည်ရ တရားမဝင် ကုမ္ပဏီက ခေါ်ဆောင်လာခြင်း ဖြစ်ပြီး မလေးရှားနိုင်ငံသို့ ပို့ပေးခ ကျပ် ရှစ်သိန်း ပေးခဲ့ရကြောင်း ဖမ်းဆီးခံ ထားရသူ များ၏ မိသားစုဝင်များထံမှ သိရှိရသည်။ ဖမ်းဆီးခံထားရသည့် ပွဲစားသုံးဦးတွင် အမျိုး သမီး နှစ်ဦး၊ အမျိုးသားတစ်ဦး ပါဝင်သည်။

The Voice Weekly 

No comments:

Post a Comment