Friday 1 August 2014

ဂျပန်နိုင်ငံ ANA လေကြောင်းလိုင်းက Asian Wings လေကြောင်းလိုင်း၏ အစုရှယ်ယာ ၄၉ ရာခိုင်နှုန်း ၀ယ်ယူ၍ အကျိုးတူပူးပေါင်းပျံသန်းမည့် အစီအစဉ် ဖျက်သိမ်း

ဂျပန်နိုင်ငံ (ANA) လေကြောင်းလိုင်းမှ Asian Wings လေကြောင်းလိုင်း၏ အစုရှယ်ယာ ၄၉ ရာခိုင်နှုန်း ဝယ်ယူ၍ အကျိုးတူပူးပေါင်းပျံသန်းမည့် အစီအစဉ်အား ဖျက်သိမ်းခဲ့ကြောင်း အဆိုပါလေကြောင်းလိုင်း၏ ထုတ်ပြန်ချက် များအရ သိရသည်။

မြန်မာနိုင်ငံရှိ ပြည်တွင်းလေကြောင်းလိုင်း အဟောင်းနှင့် အသစ်များကြားတွင် ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်း၊ ပြည်တွင်းလေကြောင်းလိုင်းများ၏ နိုင်ငံတကာအသိုင်းအဝန်းနှင့် ပတ်သက်မှုများတွင် လျင်မြန်သည်။ မူလဆုံးဖြတ်ခဲ့သည့်အချိန်က ယူဆချက်များအား မေးခွန်းထုတ်စရာများ ဖြစ်ပေါ်လာခဲ့ခြင်းကြောင့် အကျိုးတူပူးပေါင်းပျံသန်းမည့် အစီအစဉ်အား ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း (ANA)လေကြောင်းလိုင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံရှိ Asian Wings လေကြောင်းလိုင်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ အဆိုပါလေကြောင်းလိုင်းတာဝန်ရှိသူက(ANA) လေကြောင်းလိုင်းသည် Asian Wings လေကြောင်းလိုင်းနှင့် အကျိုးတူပူးပေါင်းပျံသန်းရန် နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုး ခဲ့ပြီးနောက်ပိုင်း ပြည်တွင်းလေကြောင်းလိုင်းများ၏ ရပ်တည်မှုများကို လေ့လာဆန်းစစ်မှုများ ပြုလုပ် ခဲ့ကြောင်း၊ ယင်းသို့လေ့လာဆန်းစစ်ခဲ့ရာတွင် မြန်မာနိုင်ငံရှိ ပြည်တွင်းလေကြောင်းလိုင်းများ၏ ရပ်တည်မှု တိုးတက်များပြားလာသည်ကိုတွေ့ရပြီး လေကြောင်းလိုင်းအဟောင်း နှင့်အသစ်များကြားတွင် ပြိုင်ဆိုင် မှုပြင်းထန်လာခြင်းသည် ပြည်တွင်းလေကြောင်းလိုင်းများ၏ ရပ်တည်မှုအား မေးခွန်းထုတ်စရာဖြစ် လာခြင်း များကြောင့် ယခုကဲ့သို့ အကျိုးတူပူးပေါင်းပျံသန်းမည့် အစီအစဉ်အား ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

“(ANA)လေကြောင်းလိုင်းအနေနဲ့ လေ့လာဆန်းစစ်မှုတွေ လုပ်တဲ့အခါမှာ ပြည်တွင်းလေကြောင်းလိုင်းတွေရဲ့ လက်ရှိရပ်တည်နေတဲ့ အနေအထား၊ ရရှိနေတဲ့ ဈေးကွက်အနေအထား၊ ပြည်တွင်းလေကြောင်းလိုင်းမှာ တိုးတက်များပြားလာတဲ့ လေကြောင်းလိုင်းတွေရဲ့အနေအထားတွေကို အထပ်ထပ်အခါခါ စိစစ်သုံးသပ်ပြီးတော့ မြန်မာနိုင်ငံဈေးကွက်ကို မဝင်သင့်ဘူးလို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်”ဟု Asian Wings  လေကြောင်းလိုင်း၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးလွင်မိုးက ဇူလိုင် ၃၁ ရက် နံနက်ပိုင်းက The Daily Eleven  သတင်းစာသို့ ပြောကြားသည်။

ယခင် သဘောတူညီချက်မှာ ဂျပန်နိုင်ငံ ANA လေကြောင်းလိုင်းမှ ရှယ်ယာပိုင်ဆိုင်မှု ၄၉ ရာခိုင်နှုန်း၊ ပြည်တွင်း Asian Wings လေကြောင်းလိုင်းမှ ရှယ်ယာပိုင်ဆိုင်မှု ၅၁ ရာခိုင်နှုန်းဖြင့် လေကြောင်းလိုင်း လုပ်ငန်းများအား အကျိုးတူပူးပေါင်းဆောင်ရွက်သွားရန် စီစဉ်ထားခြင်းဖြစ်သည်။   

Eleven Media Group 

No comments:

Post a Comment