Friday 1 August 2014

ပြည်သူ့လွှတ်တော်တွင် PR စနစ် ကျင့်သုံးနိုင်ရေးအတွက် လေ့လာရေး ကော်မရှင်ဖွဲ့

လာမည့် ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးနိုင်ရေးနှင့် မြန်မာနိုင်ငံအတွက် သင့်တော်မည့် ရွေးကောက်ပွဲ ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ရေးအတွက် ဇူလိုင်လ ၃၁ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရွေးကောက်ပွဲ စနစ်သစ် ပေါ်ပေါက်ရေး လေ့လာသုံးသပ်ရေး ကော်မရှင်ကို ဖွဲ့စည်းလိုက်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

အဆိုပါစနစ် ကျင့်သုံးရေးကို တိုင်းရင်းသား ပါတီဝင်များနှင့် ကိုယ်စားလှယ်အချို့ ကန့်ကွက်နေသောကြောင့် သင့်တော်သည့် စနစ်တစ်ခုဖြစ်ရန် ညီညွတ်မျှတရေး အပါအဝင် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်း ချမ်းရေးကို ထိခိုက်မှု မရှိစေရန် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေး ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း သူရဦးရွှေမန်းက ထပ်လောင်းပြောသည်။

အဆိုပါ ကော်မရှင်ကို ကြံ့ခိုင်ရေး ပါတီဝင် ငါးဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် နှစ်ဦး၊ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီဝင် နှစ်ဦး၊ တပ်မတော်သား ကိုယ်စားလှယ်တစ်ဦး၊ တိုင်းရင်း သား ပါတီများမှ တစ်ဦးစီနှင့် ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင်ဝင်များ အပါအဝင် ကော်မတီဝင် ၂၄ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ယင်းကော်မရှင် ဖွဲ့စည်းရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်သူမရှိ သဘောတူခဲ့ခြင်း ဖြစ်သည်။

ယင်းကော်မရှင်၏ သက်တမ်းမှာ ရက်ပေါင်း ၆၀ ဖြစ်ပြီး လိုအပ်ပါက အတိုးအလျော့ ပြုလုပ်သွားမည် ဖြစ်ကြောင်း သူရဦးရွှေမန်က ထပ်လောင်း ပြောဆိုသည်။

ကော်မရှင်၏ လေ့လာသုံးသပ်ချက်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြရမည် ဖြစ်ပြီး ဥပဒေကြမ်းပုံစံ ပြုစုကာ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူသွားမည် ဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

အချိုးကျကိုယ်စားပြုစနစ် (PR) ကို တိုင်းဒေသကြီးများ၏ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲများတွင် ကျင်သုံး ရန် သင့်တော်မှု ရှိမရှိကို ကော်မတီ (သို့မဟုတ်) ကော်မရှင်တစ်ရပ် ဖွဲ့စည်းပြီး ဆုံးဖြတ်ရန် ဇူလိုင်လ ၂၉ ရက်နေ့တွက် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးက အတည်ပြုခဲ့ခြင်း ဖြစ်သည်။ 

ယင်းအဆို ကျင့်သုံးရေးကို ပုဇွန်တောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်က ဇူလိုင်လ ၂၄ ရက်တွင် ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ PR စနစ် ကျင့်သုံးရေး အဆိုကို လွှတ်တော်က လက်ခံဆွေးနွေးရန် အတည်ပြုခဲ့သောကြောင့် တိုင်းရင်းသား နိုင်ငံရေးပါတီများမှ လွှတ်တော် ကိုယ်စားလှယ် ၄၀ ကျော်က လွှတ်တော် တက်ရောက်ခြင်း မရှိဘဲ အသံတိတ် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

ယင်းစနစ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကလည်း လွှတ်တော်အတွင်း ဆွေးနွေးစဉ် ကန့်ကွက် ခဲ့သည်။ ဇူလိုင်လ ၃၁ ရက်နေ့တွင် NLD ပါတီက PR စနစ်နှင့် ပတ်သက်သော ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲပြီး ယင်းထုတ်ပြန်ချက်တွင် NLD ပါတီက ဇူလိုင်လ ၂၉ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးက PR စနစ် ကျင့်သုံးရေးကို ထောက်ခံခဲ့ခြင်း မဟုတ်ဘဲ PR စနစ် ကျင့်သုံးရေး အတွက် လေ့လာသုံးသပ်ရေး ကော်မရှင် ဖွဲ့သင့်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ရှင်းပြချက်ကို ထောက်ခံခဲ့ခြင်းသာ ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

The Voice Weekly 

No comments:

Post a Comment