Saturday 16 August 2014

အူရီဒူး၏ ၀န်ဆောင်မှုအချို့ သုံးစွဲသူများ၏ မျှော်မှန်းချက်နှင့် မကိုက်ညီဘဲ အင်တာနက် အသုံးပြုခနှုန်းများပြားသည့် ဝေဖန်မှုများ ရှိနေ

အူရီဒူးမြန်မာ၏ ၀န်ဆောင်မှုအချို့မှာ သုံးစွဲသူများ၏ မျှော်မှန်းချက်နှင့် မကိုက်ညီဘဲ အင်တာနက်အသုံးပြုခ နှုန်းထားများပြားခြင်း၊ ၀န်ဆောင်မှု အရည်အသွေးပိုင်းတွင် လိုအပ်ချက်ရှိခြင်း စသည့်ဝေဖန်မှုများ ရှိလာကြောင်း စုံစမ်းသိရှိရသည်။

အူရီဒူး၏ အင်တာနက်အသုံးပြုခ သတ်မှတ်နှုန်းထားများမှာ နေ့စဉ် 30 Mb အသုံးပြုခြင်းအတွက် တစ်ရက် လျှင် ကျပ် ၅၀၀၊ တစ်ပတ်လျှင် 200 Mb အသုံးပြုခြင်းအတွက် ကျပ် ၃၀၀၀၊ တစ်လလျှင် 1 Gb အသုံးပြုခြင်း အတွက် ကျပ် ၁၂၀၀၀ ကောက်ခံမည်ဖြစ်ပြီး Facebook ကို သတ်မှတ်ပမာဏ တစ်ခုအထိ အခမဲ့သုံးစွဲနိုင် မည့် ပရိုမိုးရှင်း အစီအစဉ်များ ပါဝင်သော်လည်း ဈေးနှုန်းများပြားလွန်းကြောင်း ကျွမ်းကျင်သူများနှင့် သုံးစွဲသူများက ဝေဖန်ခဲ့ကြသည်။

တစ်ရက်လျှင် 30Mb (Facebook ကို 20 Mb အခမဲ့သုံးနိုင်) ဆိုသည်မှာ အင်တာနက်ကို ချွေတာစွာ သုံးစွဲရမည်ဖြစ်ပြီး တစ်ရက်လျှင် ကျပ် ၅၀၀ ကုန်ကျမည်ဖြစ်ရာ တစ်လလျှင် ၁၅၀၀၀ ကျပ်ခန့် ကုန်ကျမည်ဖြစ်သည်။ “ကျွန်တော့်ရဲ့ တစ်လတာ အင်တာနက်သုံးစွဲမှုက 2 Gb ကျော်ကျော်ရှိတယ်။ ဖုန်းပြောတာရော အင်တာနက်သုံးတာ အပါအ၀င် တစ်လကို ငွေဖြည့်ကတ်ဖိုးက ကျပ် ၁၀၀၀၀၊ ၁၅၀၀၀ လောက် ပုံမှန်သုံးစွဲတယ်။ အခုအူရီဒူးနှုန်းထားနဲ့ ဆိုရင်တော့ ဘယ်လိုမှ တွက်ခြေမကိုက်ဘူး” ဟု WCDMA ဖုန်းသုံးစွဲသူ ကိုထွန်းထွန်းဝင်းက ဆိုသည်။

“အူရီဒူးရဲ့ အင်တာနက်နှုန်းထားတွေက ဈေးကြီးနေတယ် ပြောရမယ်။ ADSL ကတောင် ပိုတန်နေသေး တယ်။ အူရီဒူးရဲ့ အခုနှုန်းထားတွေက နိုင်ငံတကာပုံစံကိုယူပြီး သတ်မှတ်တယ်ဆိုပေမယ့် နိုင်ငံတကာက သူတို့ရဲ့ ၀င်ငွေအဆင့်အတန်းနဲ့ မျှတမှုရှိတယ်။ ဒီမှာဆိုရင်တော့ ၀င်ငွေအခြေအနေနဲ့က ကိုက်ညီမှုမရှိပါဘူး။ အဲဒီတော့ တယ်လီနော ထွက်လာချိန်ကိုပဲ ကြည့်ရတော့မယ်။ ဒီနှုန်းထားနဲ့က ကျွန်တော်ဆိုလည်း သုံးမှာမဟုတ်ဘဲ MPT နဲ့ပဲ ဆက်သုံးရဦးမှာပါ။ နေ့စဉ် Plan မှာ ၂၀၀ ကျပ်လောက်ဆိုရင် စဉ်းစားဦးမယ်။ ၅၀၀ ကျပ်က များလွန်းတယ်။ တစ်လကို 1Gb-၁၂၀၀၀ ကျပ်ဆိုတာကလည်း ပုံမှန်အသုံးပြုသူတွေအတွက် အဆင်မပြေဘူး။ လုပ်ငန်းအတွက် အီးမေးလ်ပေးပို့မှုတွေ သုံးရတဲ့ သူတွေအတွက်တော့ အဆင်ပြေနိုင်တယ်။ အင်တာနက် မြန်မယ်ဆိုရင်ပေါ့လေ။ ဒါပေမဲ့ Developer တွေအတွက်ဆိုရင် အဆင်မပြေဘူး။ သူတို့အတွက် 1 Gb ဆိုတာ ၄၊ ၅ ရက်နဲ့လည်း ကုန်သွားနိုင်တယ်။ တစ်လကို ကျပ်သိန်းချီလောက် ကုန်ကျမယ့် အနေအထား ဖြစ်နေတယ်။ အဲဒါကြောင့် အဲဒီ Package ကို ရွေးမှာမဟုတ်ဘူး” ဟု Myanmar's NET မှ ကိုမျိုးဇာနည်အောင်က ပြောကြားသည်။ 

“အခုနှုန်းထားက များနေပါတယ်။ ဒီပုံစံနဲ့ဆိုရင် ဖုန်းအင်တာနက်မှာ MPT ကိုပဲသုံးတဲ့သူ ပိုများနေဦးမယ် ထင်တယ်။ အူရီဒူးကိုတော့ ဖုန်းပြောရုံလောက် အသုံးပြုကြဖို့ ရှိတယ်။ ဖုန်းပြောခမှာတော့ သူကပိုသက်သာ နေတယ်။ တယ်လီနောကိုပဲ တစ်ချက်စောင့်ကြည့်ရမယ်။ အူရီဒူးက ခုလိုမျိုး ဘာကြောင့်သတ်မှတ် ရလဲဆိုတာ မသိဘူး။ ဒီနိုင်ငံက သုံးစွဲသူ အများစုက Time Based Charging စနစ်ကိုပဲ ပိုကြိုက်ကြတယ်။ ဖြစ်နိုင်ရင် နှစ်မျိုးစလုံးကို မိတ်ဆက်ပေးပြီး ကြိုက်ရာရွေးခိုင်းရင် ပိုကောင်းမယ်ထင်တယ်။ အူရီဒူးက ဖုန်းပြောတဲ့အပိုင်းမှာလည်း သိပ်မကောင်းသေးဘူး။ ပြောနေရင်း ပြတ်ကျသွားတာတွေ ရှိတယ်။ အခုတော့ သူတို့ပြောတာက အခြေခံအဆောက်အအုံ မပြည့်စုံသေးဘူးဆိုတယ်။ အင်တာနက်ဆိုလည်း စစချင်းတစ် ချက်ပဲ ကောင်းလိုက်တယ်။ နောက်ပိုင်းမှာ တော်တော်ညံ့သွားတယ်” ဟု မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်းမှ ဦးမင်းဦးက သုံးသပ်သည်။ 

အူရီဒူးမြန်မာ၏ အရောင်းဌာနဆိုင်ရာ ညွှန်ကြားရေးမှူး ဦးမြင့်ဇော်ကမူ “Volume နဲ့ ကောက်ခံတဲ့စနစ်က ပိုကောင်းပြီး ပိုဣနြေ္ဒရမယ်ထင်လို့၊ နိုင်ငံတကာကပုံစံနဲ့လည်း ကိုက်ညီလို့ ဒီပုံစံနဲ့ ကောက်ခံဖြစ်တာပါ။ ဟိုတစ်နေ့ကပဲ အင်တာနက် မပိတ်မိဘဲထားခဲ့တာ အရာမထင်ဘဲ သုံးစွဲခ ဖြတ်တောက်ခံရတာနဲ့ ကြုံခဲ့ရတယ်။ Volume စနစ်မှာတော့ အင်တာနက်ကို အမြဲတမ်းဖွင့်ထားလို့ ရမယ်” ဟု ပြောကြားသည်။
ထို့ပြင် ဆင်းမ်ကတ်မှာ ဟန်းဆက်ရွေးခြင်း၊ လိုင်းမမိသည့် နေရာများစွာ ရှိနေခြင်း စသည်တို့မှာလည်း အခက်ကြုံရကြောင်း သုံးစွဲသူများက ဝေဖန်ခဲ့ကြသည်။ 

အူရီဒူးမြန်မာအနေဖြင့် လက်ရှိတွင် မြို့နယ်နှင့် မြို့ ၆၈ ခုရှိ လူဦးရေ ၇ ဒသမ ၈ သန်းကိုလည်းကောင်း၊ နှစ်ကုန်ပိုင်းတွင် လူဦးရေ ၂၅ သန်းအထိလည်းကောင်း ကွန်ရက်လွှမ်းခြုံနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment