Saturday 16 August 2014

“ကျွန်တော့်ဘက်မှာ ဘုရားသခင်ပဲ ရှိတော့တယ်”ဟု သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်ဆို

နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ယုံကြည်အပ်နှံအလွဲသုံးမှုစသည့် ပြစ်မှုပုဒ်မများဖြင့် တရားရင်ဆိုင် နေရသော သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးဆန်းဆင့်က သတ္တမအကြိမ် ရုံးချိန်း အမှုစစ်ဆေးအပြီးတွင် “ကျွန်တော့်ဘက်မှာ ဘုရားသခင်ပဲရှိတော့တယ်”ဟု ပြောဆို လိုက်သည်။

ရုံးချိန်းအပြီး ကားပေါ်တက်ခါနီးတွင် ဦးဆန်းဆင့်အား ရုပ်ရှင်သရုပ်ဆောင်ရဲမွန်က ဘုရားပုံတော်လက် ဆောင်ပေးစဉ် “ကျွန်တော့်ဘက်မှာ ဘုရားသခင်ပဲရှိတော့တယ်ဗျာ”ဟု အစောင့်များကြားမှ ပြောကြားခဲ့ ခြင်းဖြစ်သည်။

ပြစ်မှုကြီးအမှုအမှတ် ၄၁/၁၄၊ ပုဒ်မ ၄၀၉/၁၀၉ အမှုအတွက် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေနှင့် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခိုင်အောင်တို့အား စစ်ဆေးခဲ့ပြီး ပြစ်မှုကြီးမှု ၄၂/၁၄ ပုဒ်မ ၁၂၄(က)အတွက် သာသနာရေးဝန်ကြီးဌာနရုံးအဖွဲ့မှူး ဦးမြင့်ဦး၊ သာသနာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးမင်းထွန်းနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇာနည်ဝင်းတို့အား စစ်ဆေးစဉ် ညနေလေးနာရီထိုးသွား၍ တရားခွင်ရပ်နားလိုက်သည်ဟု ဦးဆန်းဆင့်၏ ရှေ့နေ ဦးတင်ထွန်းက ပြောသည်။

ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးစဉ်ကလည်း “သာသနာရဲ့ အစောင့်အရှောက်ကို ယုံကြည်ပါတယ်၊ ဆရာ တော်၊ သံဃာတော် အပေါင်းတို့ဟာ မှန်ကန်တဲ့ဘက်ရပ်တည်ခဲ့တဲ့ ကျွန်တော့်ဘက်ကို ရပ်တည်ပေးပါ၊ စောင့်ရှောက်ပေးပါ၊ သမ္မာဒေ၀နတ် ကောင်းနတ်မြတ်များ စောင့်ရှောက်ပေးပါ”ဟု ပြောဆိုခဲ့ဖူးသည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်စဉ်က ဧရာဝတီတိုင်းဝန်ကြီးချုပ်အား စွပ်စွဲ ပြစ်တင်ခဲ့ခြင်း၊ ပြည်ခိုင်ဖြိုးပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး(ယခုဒုတိယ ဥက္ကဋ္ဌ)ကို ပါတီသြဇာသုံး၍ ပြည်ခိုင်ဖြိုးပါတီ တိုင်းလွှတ်တော်ကိုယ်စားလှယ်များအပေါ် လွှမ်းမိုးခြင်းများကို ဝေဖန်ပြစ် တင်ခဲ့သည်။

ယင်းကဲ့သို့ ဖြစ်ရပ်များအပြီး သာသနာရေးဝန်ကြီး တာဝန်ထမ်းဆောင်ရန် နိုင်ငံတော်သမ္မတမှ ထောက်ခံ ချက်ဖြင့် ဆင့်ခေါ်ခန့်အပ်ရန် ဆောင်ရွက်သော်လည်း ဧရာဝတီတိုင်းသားတို့အတွက်လိုအပ်လျှင် တိုင်း လွှတ်တော်ဥက္ကဋ္ဌအဖြစ်သာ ဆက်လက်ဆောင်ရွက်မည်ဟု ငြင်းဆန်ခဲ့ဖူးသည်။

သို့ရာတွင် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးပြီး ၁၈ လခန့်အကြာ တွင် ယခုကဲ့သို့ တရားစွဲဆိုခံရခြင်းဖြစ်သော်လည်း “ကျွန်တော်မတရားမလုပ်ပါဘူး။ ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစား မလုပ်ပါဘူး။ ယနေ့အထိ ကျွန်တော်သစ္စာဆိုရဲပါတယ်၊ ကျွန်တော် ငါးပြားတစ်စေ့ကအစ နိုင်ငံတော်အပေါ်အလွဲသုံးစား မလုပ်ပါဘူး။ ကျွန်တော် ရပ်တည်ချက်မှန်ကန်သော်လည်း သမ္မတရဲ့ အမိန့် ကိုမနာခံဘူးဆိုတဲ့သဘောနဲ့ လုပ်တာဖြစ်ပါတယ်”ဟု ပုပ္ဗသီရိမြို့နယ်တရားရုံး၌ ရုံးထုတ်စဉ် အစောင့်များ ကြားမှ ဖြေကြားခဲ့သည်။

မိသားစုနှင့် တွေ့ဆုံခွင့်ရသော်လည်း ရုံးချိန်အပြည့်နီးပါးတရားခွင်အတွင်း စစ်ဆေးခံရခြင်း၊ ခရီးပန်းခြင်း  နှင့်ကျန်းမာရေး အခြေအနေအားနည်းနေမှု ခံစားနေရသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းက ပြောကြားထားပြီး လာမည့် သြဂုတ် ၁၉ ရက်နှင့် ၂၂ ရက်တို့တွင် ဦးဆန်းဆင့်ကို ထပ်မံစစ်ဆေးမည်ဖြစ် သည်။

Mizzima - News in Burmese 

No comments:

Post a Comment